လူတိုင်း အချစ်ကို ခံစားတတ်ကြပေမယ့်လည်း ကိုယ့်ကိုယ်ကို ချစ်ဖို့တော့ မေ့နေတတ်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့အခါ စစ်မှန်တဲ့ ချစ်ခြင်းကို ချစ်ဖို့ မေ့ကြသလို ကိုယ့်ကိုယ်ကို ဘယ်လို ချစ်ရတယ်ဆိုတာကိုလည်း မေ့ကြပါတယ်။ ကိုယ့်ကိုယ်ကို တကယ့်ကို ချစ်ကြတဲ့သူတွေကတော့ ဒီလိုအချက်တွေကို လိုက်နာလေ့ ရှိကြပါတယ်။
၁။ စိတ်ပင်ပန်းအောင် မလုပ်ဘူး
စိတ်ပင်ပန်းတယ်ဆိုတာမျိုးက တခြားသူတွေနဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ပင်ပန်းလာရင် အဖြေရှာပြီး ဖြေဖျောက်ပေးရမှာက ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေရဲ့ ဝတ္တရား ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို အရမ်း ပင်ပန်းတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ပြီး စိတ်ဖိစီးမှု ဖြေလျော့တာမျိုးတွေကို လုပ်ပေးတတ်တာ၊ လွှတ်ချသင့်တာတွေကို လွှတ်ချလိုက်တာက ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေ လိုက်နာတဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ်။

၂။ အနားယူပေးတယ်
ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကို အနားပေးဖို့ ဘယ်တော့မှ မနှောင့်နှေးတဲ့သူတွေ ဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အချိန်တွေမှာ အနားယူပေးသလို၊ စိတ်ညစ်နေတဲ့အချိန်တွေမှာလည်း ခဏ အနားပေးတတ်သလို ပိတ်ရက်တွေမှာလည်း အလုပ်ကြိုးစားထားတဲ့ ခန္ဓာကိုယ်ကို အနားပေးတတ်ကြပါတယ်။

၃။ အလုပ်ဖိ မခိုင်းဘူး
လူဆိုတာ စားဝတ်နေရေးအပြင် ကိုယ့်ရဲ့ ရပ်တည်ချက်အတွက် အရွယ်ရောက်ချိန်ကစပြီး အလုပ်လုပ်ကိုင်ကြရပါတယ်။ ဒါပေမယ့်လည်း အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ပြီး ကိုယ်ပိုင်အချိန်တွေ ထားရှိပြီး ကိုယ်ရဲ့ တခြားသော လုပ်ချင်တာလေးတွေကို ထားရှိပြီး လုပ်ဖို့လည်း လိုပါသေးတယ်။ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားတတ်တဲ့ အချက်ကိုလည်း ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

၎။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်
ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူတွေက ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်ကြပါတယ်။ ကိုယ့်ရဲ့ အဖိုးတန်တဲ့အချက်တွေကလည်း သိနားလည်ကြသလို ဒီအတွက်လည်း တန်ဖိုးထားမှု ရှိနေပါတယ်။ ဒါကြောင့် ကိုယ့်ကို သူများက နှိမ့်ချပြီး ဆက်ဆံတာမျိုးကိုလည်း ခွင့်ပြုမထားတတ်ကြပါဘူး။ ကိုယ့်ကို စော်ကားရင် ယုံကြည်ချက်ရှိရှိ ပြန်တုန့်ပြန်လေ့ ရှိတာ ကိုယ့်ကိုယ်ချစ်ကြောင်း ပြတဲ့ အချက်တစ်ချက်ပါပဲ။

၅။ ကျန်းမာရေးကို ဂရုစိုက်တယ်
ကိုယ့်ကိုယ်ကို မချစ်တဲ့သူတွေက ကိုယ် ဘာဖြစ်ဖြစ် ကိုယ့်စိတ်တိုင်းကျ ပြုမူလှုပ်ရှားတတ်ကြပါတယ်။ အရက်တွေ အမြဲ သောက်တာမျိုး၊ ဆေးလိပ်နဲ့ ဆေး သုံးစွဲတာမျိုးအပြင် မတည့်တဲ့ အစားအစာတွေကို အမြဲ စားသုံးနေတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေကတော့ ကိုယ့်ကျန်းမာရေးကိုပါ အလေးထားပြီး မဆင်မခြင် စားသောက် နေထိုင်တာမျိုးကို မလုပ်ကြပါဘူး။
Kham