လူတစ်ယောက်မှာ ပုံစံတစ်မျိုး ရှိနေတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ချို့သူတွေရဲ့ ပုံစံက သူတို့ အနီးအနားကသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ တစ်ချို့သောသူတွေမှာ ရှိနေတဲ့ အမူအကျင့်တွေနဲ့ အကျင့်စရိုက်တွေကတော့ လူအများရဲ့ အမြင်မကြည်ခြင်းကိုပဲ ရနေတတ်ပါတယ်။ ဘယ်လိုလူမျိုးတွေကို လူအများစု မနှစ်သက်ကြသလဲဆိုတာကို ဖော်ပြလိုက်ရပါတယ်။
(၁) ဂွပြောတတ်တဲ့သူ
တစ်ချို့သူတွေကတော့ စကားယှဉ်ပြောလို့ မဖြစ်တဲ့သူတွေ ဖြစ်ပါတယ်။ စကားကို ဆွေးနွေးတဲ့ပုံစံနဲ့လည်း ပြောလို့ မရသလို အလာပသလာပ ပြောလို့တောင် အဆင်မပြေတဲ့ သူမျိုးတွေ ရှိနေပါတယ်။ ကိုယ်က တစ်ခွန်းပြောလိုက်တာနဲ့ သူတို့က စကားပြောဝိုင်း ဆက်ပြောလို့ အဆင်မပြေအောင် ဂွပြောတတ်တာမျိုး ရှိပါတယ်။ ဒါကြောင့် လူအများစုက သူတို့နဲ့ စကားပြောဖို့ကို ရှောင်တတ်ကြပါတယ်။

(၂) ပတ်ဝန်းကျင်ကို အဖက် မလုပ်တဲ့သူ
လူတွေက ပတ်ဝန်းကျင်နဲ့ ယှဉ်တွဲပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ ပတ်ဝန်းကျင်ကို နည်းနည်းလေးတောင် လှည့်မကြည့်ဘဲ သူတို့ရဲ့ ပုံစံအတိုင်း နေထိုင်တတ်ကြတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်ကို တစ်စက်လေးတောင် အရောမဝင်တဲ့သူတွေကလည်း ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်လင်ခြင်းကို ခံနေရတတ်ပါတယ်။

(၃) ဆရာကြီး အရမ်း လုပ်တတ်တဲ့သူ
ကိုယ်က ဘယ်လောက်ပဲ သိသိ အမြဲလိုလို သိကြောင်း တတ်ကြောင်း ပြောနေလို့ မရပါဘူး။ သိသိ မသိသိ စကားတွေ ဖောင်ဖွဲ့ပြီး လူတွေနဲ့ ဆုံရင် ဆရာလုပ်နေတတ်တဲ့သူမျိုးတွေလည်း ရှိပါတယ်။ ဒီလူမျိုးတွေက တခြားသူတွေ နှစ်သက်သလား၊ မနှစ်သက်သလားကို အာရုံမစိုက်မိကြဘဲ သူတို့ ဆရာလုပ်ရရေးကိုသာ အာရုံရောက်နေတတ်ကြပါတယ်။ ဒါကြောင့် လူတွေက အထင်သေးကြသလို သူတို့ကို စိတ်ရှုပ်လို့ ဝေးဝေးက ရှောင်တတ်ကြပါတယ်။

(၄) အတင်းပြောတတ်တဲ့သူ
လူတိုင်းက ကိုယ့်အကြောင်းကို ကိုယ့်ရဲ့ အရင်းနှီးဆုံး ယုံကြည်စိတ်ချရတဲ့သူတွေကိုသာ ပေးသိတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ ကိုယ့်အကြောင်း ကိုယ့်အရင်းနှီးဆုံးသူ အကြောင်းအပြင် ရှိရှိသမျှ လူအားလုံးအကြောင်းကို စိတ်ဝင်စားကြပါတယ်။ ဒါ့အပြင် သူများအကြောင်းတွေကို လက်ဆင့်ကမ်းပြီး ပြောတတ်ကြပါသေးတယ်။ ဒီလို လူမျိုးတွေကိုတော့ လူအများစု ပါးစပ်ဖွာလို့ အပေါင်းအသင်းလုပ်ရင်တောင်မှ အပေါ်ယံပဲ လုပ်တတ်ကြပါတယ်။

(၅) ညည်းလွန်းတတ်တဲ့သူ
လူတိုင်းက သူ့အခက်အခဲနဲ့ သူ ဖြစ်ပါတယ်။ ကိုယ့်အခက်အခဲကမှ ကြီးလွန်းတာ မဟုတ်ပါဘူး။ ခက်ခဲတယ်ဆိုတာ ရှိတတ်ပြီး စိတ်ညစ်စရာ ကောင်းတဲ့အရာဆိုပေမယ့် အမြဲလိုလို စိတ်ညစ်လွယ်တာကတော့ မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်နေပြီး ခက်ခဲကြောင်း ညည်းနေတတ်သူတွေကို လူတွေက စိတ်ကုန်လာတတ်ကြပါတယ်။ ကိုယ်ချင်းစာတာမျိုး ရှိပေမယ့် အမြဲ ညည်းနေရင်တော့ အပူကူးလို့ စိတ်အပင်ပန်း ထပ် မခံချင်လို့ အပေါင်းအသင်း ဖြစ်နေရင်တောင် မသိချင်ယောင်ဆောင်တာမျိုး ရှိတတ်ပါတယ်။
Kham