စိတ်တွေ ပင်ပန်းပြီး အလိုမကျတဲ့ ရက်တွေက တကယ်ပဲ ကုန်ဆုံးဖို့ ခက်ခဲလွန်းပါတယ်။ အလုပ်တွေ လုပ်ဖို့ ခက်ခဲတဲ့ နေ့ရက်တွေ ဖြစ်သလို လူတွေနဲ့ စကားပြောဖို့တောင် ခက်ခဲနေတတ်တာမျိုးက သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် စိတ်တွေ အလိုမကျဖြစ်နေတာမျိုး၊ စိတ်ပင်ပန်းနေရတာမျိုး ကြုံနေရတဲ့ နေ့တွေကို လွယ်လွယ်လေး ကုန်ဆုံးသွားဖို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) အသက်ရှူပါ
နေ့တိုင်းကတော့ အသက်ရှူနေတာပါပဲ။ ဒါပေမယ့် အသက်ရှူတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်ခန်းတစ်ခုလို လုပ်ကြည့်ပါ။ ဒီလို လုပ်ပေးတာက သင့်ကိုယ်သင် အားအင်တွေ ပြန်ဖြည့်ဆည်းပေးသလို ဖြစ်ပြီး စိတ်တွေကို ပေါ့ပါးသွားစေနိုင်ပါတယ်။

(၂) တရားထိုင်ပါ
တရားထိုင်တာက တကယ့်ကို ကျန်းမာရေးအတွက် ကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ ဒါ့အပြင် ကိုယ့်စိတ်တွေ ပင်ပန်းနွမ်းနယ်နေတဲ့အခါမှာ တရားထိုင်ပေးမယ်ဆိုရင် စိတ်တွေ ကြည်လင်သွားစေပြီး ပေါ့ပါးသွားတာကို ခံစားရမှာပါ။
(၃) ကိုယ်လက်လှုပ်ရှားမှု
စိတ်တွေ ပင်ပန်းနေရင် ကိုယ်ကိုလည်း ပင်ပန်းအောင် လုပ်လိုက်ရင် စိတ်တွေ သက်သာရာ ရသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ညစ်နေရင် တစ်ချို့က အလုပ်တွေကို ပိုပြီး ဖိလုပ်ကြတာမျိုး၊ ပြေးလိုက်တာမျိုးတွေ လုပ်တတ်ကြတာ ဖြစ်ပါတယ်။

(၄) သီချင်း နားထောင်ပါ
လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို သီချင်းတွေက ပြောင်းလဲပေးနိုင်ပါတယ်။ စိတ်တွေ အလိုအကျပြီး ပင်ပန်းနေတဲ့အခါမျိုးမှာ စိတ်တွေကို ပေါ့ပါးအေးဆေးသွားစေမယ့် သီချင်းမျိုးကို နားထောင်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် စိတ်တွေက ပြန်လည် လန်းဆန်းလာမှာပဲ ဖြစ်ပါတယ်။

(၅) ခဏ အနားယူလိုက်ပါ
စိတ်တွေ ပင်ပန်းနေရင်တောင်မှ အလုပ်တွေက လုပ်နေရတယ်ဆိုတာက သိပ်ကို ခက်ခဲတဲ့ အခြေအနေ တစ်ခုပါပဲ။ အလုပ်ကိုလည်း စိတ်ကြည်ကြည်လင်လင်နဲ့ လုပ်လို့ ရအောင်၊ စိတ်တွေ ရှုပ်သွားတာကိုလည်း သက်သာအောင် ခဏလောက်ဖြစ်ဖြစ် အနားယူလိုက်သင့်ပါတယ်။
(၆) ပျော်စရာကို တွေးပါ
လူတိုင်းမှာ ပျော်စရာ အချိန်တွေဆိုတာ ရှိပါတယ်။ ဒီလိုမျိုး စိတ်တွေ ရှုပ်ထွေးနေတဲ့ နေ့ရက်မှာ စိတ်သက်သာရာ ရစေဖို့အတွက် ပျော်စရာ အကြောင်းတွေကို အချိန်အတော်ကြာအောင် ပြန်တွေးသင့်ပါတယ်။ ဒါဆို စိတ်တွေ တဖြည်းဖြည်း ကြည်လင်လာမှာ ဖြစ်ပါတယ်။

(၇) တိရစ္ဆာန်လေးတွေနဲ့ ဆော့ပါ
ကလေးတွေ သို့မဟုတ် ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဆော့ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ ဒါ့အပြင် ပျော်ရွှင်လာရစေနိုင်ပါတယ်။
(၈) လွှတ်ထားပါ
စိတ်တွေ ပင်ပန်းနေတဲ့အခါ ကိုယ့်စိတ်အတိုင်း လုပ်ခွင့်ပေးတာကလည်း ကောင်းတဲ့အချက်ပါပဲ။ အိပ်ချင်တယ်ဆိုရင် အိပ်လိုက်မယ်၊ လဲနေချင်ရင် လဲနေလိုက်မယ်။ ဒီလို လုပ်လိုက်မယ်ဆိုရင်လည်း စိတ်တွေကို ပြေလျော့သွားစေတတ်ပါတယ်။
Kham