ကလေးတွေဆိုတာ အိမ်ရဲ့ ဆည်းလည်းတွေပါ။ ဒီလိုပဲ ကလေးတွေက လူကြီးတွေကို အကျိုးပြုနေတဲ့ အရာတွေ အများကြီးပါပဲ။ ကလေးချစ်တတ်တဲ့သူတွေကတော့ ဒီလို ကောင်းကျိုးတွေကို ရနေကြမှာပါ။ ကလေးတွေနဲ့ အချိန်ပေးပြီး ဆော့တတ်တဲ့သူတွေက အခုလို အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။
(၁) ပျော်ရွှင်ရတယ်
ကလေးတွေက သိပ်ကို ဖြူစင်ကြပါတယ်။ ဖြူစင်တဲ့ ပုံစံနဲ့ နေကြတာက မြင်ရသူကိုပါ ကြည်နူးစေပါတယ်။ ဒါကြောင့် ဖြူစင်တဲ့ ကလေးတွေနဲ့ ဆော့ကစားနေတဲ့အခါမှာ ကိုယ်တိုင်လည်း ကြည်နူးပြီး ပျော်ရွှင်မှု အတိကို ခံစားရတတ်ပါတယ်။ ဘာနဲ့မှ မတူတဲ့ အေးချမ်းတဲ့ ပျော်ရွှင်မှုကို ရတာမျိုးကို ကလေးတွေနဲ့ ဆော့ဖူးသူတိုင်း ခံစားဖူးကြမှာ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှု လျော့ကျတယ်
ကလေးတွေက စိတ်တွေကို ကြည်လင်သွားအောင် လုပ်နိုင်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းစင်မှုကြောင့် လူကြီးတွေက သူတို့ရဲ့ လောကမှာ ဖိစီးတဲ့အရာအားလုံးကို ကလေးတွေ ရှေ့မှာ မေ့ထားနိုင်ကြပါတယ်။ ကလေးတွေရှေ့မှာ ဟန်ဆောင်စရာလည်း မလိုအပ်တော့တာကြောင့် အရှိအရှိအတိုင်း လွတ်လွတ်လပ်လပ် နေထိုင်လို့ ရတာကြောင့် စိတ်ဖိစီးမှုတွေကို နည်းသွားစေပါတယ်။ ကလေးတွေနဲ့ ဆော့ကစားတာကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ နည်းလမ်း တစ်ခုပါပဲ။

(၃) ကျန်းမာတယ်
ကလေးတွေက ဆော့တဲ့အခါ အာရုံစူးစိုက်မှု သိပ်ကို ကောင်းကြပါတယ်။ အမျိုးစုံအောင် ခုန်ပေါက်ပြေးလွှားဆော့ရတာကြောင့် ကလေးတွေကို ထိန်းတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်သလို ဖြစ်ပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ကလေးတွေ ကျေးဇူးနဲ့ ပိုင်ဆိုင်မှာပဲ ဖြစ်ပါတယ်။

(၄) ပြန်ငယ်သွားသလို ခံစားရတယ်
ကလေးတွေက သူတို့နဲ့ အတူဆော့ကစားတဲ့သူကို လူကြီးလို မဆက်ဆံတတ်ကြပါဘူး။ သူတို့ရဲ့ ကစားဖော် ကစားဖက်လို့ သဘောထားကြတာပါ။ ဒါကြောင့် သင်လည်း ငယ်ရွယ်မှုရဲ့ လွတ်လပ်မှုကို ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ ပေါပေါ့ပါးပါး ကစားရင်း ပြန်ငယ်လို့ ရတာမို့ ကလေးတွေနဲ့ ဆော့ကစားသင့်ပါတယ်နော်။

(၅) အချစ်ကို နားလည်မယ်
ကလေးတွေရဲ့ ခံစားမှုက ရိုးရှင်းပါတယ်။ သူတို့နဲ့ အရင်နှီးဆုံးသူတွေနဲ့ မိဘကို ခင်တွယ်ကြတာပါ။ သားသမီးနဲ့ တူ၊ တူမလေးတွေ ရထားတဲ့သူတွေဆိုရင် ကလေးသေးသေး ဘဝကနေ တဖြည်းဖြည်း ကိုယ့်ရဲ့ ဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာတာကို မြင်ပြီး တစိမ့်စိမ့်တွေး ချစ်မိတတ်ကြတတ်ကြပါတယ်။ ကလေး နေထိုင်မကောင်းရင်တောင်မှ ကိုယ်က အစားနေမကောင်းဖြစ်ပေးချင်တယ်ဆိုတာ ချစ်ခြင်းကနေ ဖြစ်လာတဲ့ မေတ္တာပါပဲ။
Kham