လုပ်ငန်းခွင်တွေကတော့ လည်ပတ်လို့ ရတဲ့ပုံစံအမျိုးမျိုးပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာ နေဖို့ လိုအပ်လာတဲ့အခါတွေမှာ တစ်ချို့တွေက အိမ်မှာနေရင်း အလုပ်လုပ်လို့ ရကြပါတယ်။ ရုံးမှာ အလုပ်လုပ်ရတာက လုပ်ငန်းခွင်တိုင်းအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အိမ်မှာ အလုပ်လုပ်တဲ့အခါ ပိုကောင်းတယ် ထင်ရပေမယ့် အခုလို အခက်အခဲတွေတော့ ကြုံတွေ့ နေရဆဲပါပဲ။
အိမ်အလုပ်နဲ့ ရုံးအလုပ်ရောနေတယ်
အိမ်မှာ လူအကောင်ထည်လိုက် ရှိနေတာဆိုတော့ အိမ်ကသူတွေက တခါတလေ ခိုင်းမိတာမျိုး ရှိတတ်ပါတယ်။ ဒါ့အပြင် ရုံးအလုပ်လုပ်ရင်းနဲ့ အိမ်အလုပ်လုပ် ထလုပ်ရတာမျိုးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် အလုပ်ကို အာရုံစိုက်ရတာ ခက်တာမျိုးတွေ ဖြစ်နေတတ်ကြပါတယ်။

ဆူညံသံတွေ များတယ်
အိမ်မှာ မိသားစုများတဲ့ သူတွေဆိုရင် အိမ်မှာ အလုပ်လုပ်ရတဲ့အခါ အလုပ်ကို အာရုံစိုက်ရတာမှာ ခက်ခဲတတ်ကြပါတယ်။ စကားပြောသံတွေ၊ ဟင်းချက်တဲ့ အနံ့တွေ၊ ကိုယ်အလုပ်လုပ်နေတာကို မေ့ပြီး သိချင်တာ လာမေးတာ၊ စကားလာပြောကြတာတွေကိုလည်း ရင်ဆိုင်ရတာကလည်း အနှောင့်အယှက်တွေပါပဲ။

ဇက်ကြောတက်တယ်
ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရတဲ့သူတွေအဖို့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်နေဟန်ထား ရှိဖို့ လိုအပ်ပါတယ်။ အိမ်မှာ အလုပ်လုပ်ရတဲ့အခါ ရုံးလို စားပွဲ၊ ခုံ သေချာ မရှိတာမျိုးတွေကြောင့် ကိုယ်နေဟန်ထား ပျက်ယွင်းပြီး ဇက်ကြောတက်တာ၊ လက်ပြင်ကြောငုတ်တာတွေ ဖြစ်တတ်ပါသေးတယ်။

ပူအိုက်တယ်
ရုံးမှာတော့ အဲကွန်းလေးနဲ့ အေးအေးချမ်းချမ်း အလုပ်လုပ်နိုင်ပေမယ့် အိမ်မှာ အဲကွန်း မရှိတဲ့အခါ ပူအိုက်တဲ့ အခြေအနေကို ကြုံရပါတယ်။ အလုပ်လုပ်ရတာက တဖက် ပူအိုက်လို့ ချွေးထွက်တာက တဖက်နဲ့ စိတ်ရှုပ်မှုကို ခံစားနေကြရပါသေးတယ်။

အင်တာနက် လိုင်းကျတဲ့ ပြဿနာ
ရုံးတွေမှာက အင်တာနက်မြန်နှုန်း အမြင့်ကို တပ်ဆင်ထားလို့ သိပ်စိတ်မပူရပါဘူး။ အိမ်မှာကတော့ လိုင်း မကြာခဏ ကျတာမျိုး အင်တာနက် မြန်နှုန်း နှေးနေလို့ စသဖြင့် အလုပ်လုပ်ရတာ မှာ အနှောင့်အယှက် ဖြစ်ပြီး နှောင့်နှေး နေစေတတ်ပါသေးတယ်။
Kham