ဖက်ရှင်ဆိုတာက ကိုယ့်ကိုယ် ပိုကြည့်ကောင်းအောင်၊ ကိုယ့်ရဲ့အလှကို ပိုတိုးအောင်လုပ်ဆောင်နိုင်တဲ့ အရာပါ။ ဒါပေမယ့် တစ်ချို့ဖက်ရှင်တွေကတော့ ခဏတာအတွက်သာ အသုံးဝင်ပြီး ပိုက်ဆံကုန်တာပဲ အဖတ်တင်စေပါတယ်။ ဒီတော့ ဖက်ရှင်ကို ရွေးချယ်တဲ့အခါ သေချာလေး စဉ်းစားပြီးမှာ ရွေးချယ်ဝယ်ယူဖို့ လိုအပ်ပါတယ်နော်။ ဒီဖက်ရှင်တွေကတော့ သင့်အတွက် ငွေကုန်ရကျိုးမနပ်စေတဲ့ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။
အရည်အသွေးမကောင်းတဲ့ ဖက်ရှင်တွေ

အထူးသဖြင့် အရည်အသွေးမကောင်းတဲ့ ဖက်ရှင်တွေက ဈေးကွက်မှာ ပေါပေါလောလောကို ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပစ္စည်းမျိုးတွေက ဈေးချိုပေမယ့် ခဏလေးနဲ့ ဟောင်းနွမ်းလွယ်တာ၊ ဆေးသားမကောင်းတာ၊ အရောင်ထွက်မလှတာ စသဖြင့် ဖြစ်သွားတတ်တာဖြစ်လို့ ပိုက်ဆံကုန်သွားပြီး အကျိုးမရှိတဲ့ ဖက်ရှင်မျိုးဖြစ်သွားတတ်ပါတယ်။
90s chokers

1990 ဝန်းကျင်က ခေတ်စားခဲ့တဲ့ chokers တွေကို ခေတ်နောက်ပြန်ဆွဲတဲ့အနေနဲ့ ပြန်ခေတ်စား လူကြိုက်များလာပါတယ်။ ဒါပေမယ့် ဒါတွေက ခဏလေးအတွက်သာ ရေပန်းစားခြင်းဖြစ်ပြီး နောက်ပိုင်းမှာ သိပ်ဝတ်ဆင်ခြင်းမရှိကြတော့ပြန်ပါဘူး။ ဒီတော့ chokers တွေက သင့်အတွက် ခဏလေးသာ အသုံးဝင်တဲ့ ဖက်ရှင်မျိုးဖြစ်စေလို့ ပိုက်ဆံပဲကုန်တဲ့ အပိုဖက်ရှင်တစ်ခု ဖြစ်သွားစေပါတယ်နော်။
လက်ကိုင်အိတ် သေးသေးလေးတွေ

ခုနောက်ပိုင်းမှာ လက်ကိုင်အိတ်သေးသေးလေးတွေကို ဖက်ရှင်တစ်ခုအဖြစ် မြင်လာကြပါတယ်။ တကယ်တော့ ဒီပိုက်ဆံအိတ်သေးသေးလေးတွေက ဘာမှသယ်သွားလို့လည်း မရသလို၊ အရုပ်ကလေးတွေ ကိုင်တဲ့အိတ်လောက်သာ ရှိတဲ့အတွက် အလှတစ်ခုက လွဲရင် ဘာဆိုဘာမှ အသုံးမဝင်ပါဘူး။ ဒီတော့ အမြဲတမ်း ကိုင်နေဖို့ဆိုတာကလည်း မဖြစ်နိုင်ပဲ နောက်ပိုင်းမှာ ကိုယ့်အတွက် အသုံးမဝင်တဲ့ ဖက်ရှင်ဖြစ်သွားတတ်ပါတယ်။
Jumpsuits

မိန်းကလေးတွေ အရမ်းကို သဘောကျတတ်ကြတဲ့ jumpsuits လေးတွေက အမြင်မှာတော့ လှပဖက်ရှင်ကျနေပေမယ့် ဝတ်ဆင်ရသူအတွက်ကတော့ တကယ့်ကို မလွယ်ကူတဲ့ အဝတ်အစားပဲ ဖြစ်ပါတယ်။ အပြင်တွေဘာတွေ သွားတဲ့အခါ toilet တွေဝင်မိတဲ့အခါမျိုးမှာ အရမ်းကို စိတ်ရှုပ်စေရတဲ့ ဝတ်စုံမျိုးဖြစ်တာမို့ သိပ်မဝတ်ဖြစ်ဖို့က များပါတယ်။ ဒါကြောင့်ပဲ jumpsuits တွေကလည်း ငွေကုန်ရကျိုးမနပ်ပဲ ဖက်ရှင်တွေထဲမှာ ပါဝင်ပါတယ်။
တစ်ကြိမ်သာ သုံးလို့ရတဲ့ ဖက်ရှင်တွေ
တစ်ချို့ဖက်ရှင်တွေက တစ်ကြိမ်ဝတ်ပြီးရင် ဘယ်နေရာမှာမှ ဝတ်လို့အဆင်မပြေတဲ့ ဖက်ရှင်တွေရှိတတ်ပါတယ်။ ဥပမာ – အရမ်းကို တလက်လက် ပွဲတက်အဝတ်အစားမျိုး၊ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ပလက်စတစ် ဖိနပ်လိုဟာမျိုးတွေ စသဖြင့်ပေါ့။ ဒါတွေက တစ်ခါပဲ သုံးလို့ရပြီး နောက်ပိုင်းမှာ ဘယ်နေရာမှ အသုံးမဝင်တာဖြစ်လို့ ပိုက်ဆံကုန်သွားတာပဲ ရှိပါတယ်နော်။
Khin