လူတိုင်းက အသည်းကွဲရမှာ ကြောက်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မကာကွယ်တတ်ဘူးဆိုရင်တော့ အသည်းကွဲခြင်းကို ခံစားရနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ကိုယ့်ဆီရောက်လာတဲ့ သူဟာ ကိုယ့်ကို အသည်းခွဲမယ့်သူ ဟုတ်မဟုတ်ဆိုတာကို မသိနိုင်တဲ့ အတွက်ကြောင့်ပါနော်။ ဒါပေမယ့် ယောကျာ်းလေးတွေရဲ့ တစ်ချို့သော အပြုအမူတွေက သင့်ကို အသည်းခွဲမယ်ဆိုတာ သေချာနေတယ်ဆိုတာကို ဖော်ပြလို့နေပါတယ်။
ကတိတွေကို မယုံကြည်ဘူး

သူက ကတိပေးရတာတွေ မကြိုက်သလို ကတိတွေကိုလည်း မယုံကြည်သူ တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ သတိထားစရာပါပဲ။ နောက်ပြီး ကတိတွေက အမြဲတမ်း ချုပ်နှောင်နေတယ်လို့ ခံစားရတတ်ပြီး ဘယ်တော့မှ ကတိစကားနဲ့ပတ်သက်ပြီး မပြောဆိုဘူးဆိုရင်တော့ သူက သင့်ကို အသည်းခွဲဖို့ သေချာနေပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ သင့်အတွက် လေးနက်မှုတွေမရှိတဲ့အတွက် ကတိဆိုတာမျိုးကိုလည်း မလိုအပ်ဘူးလို့ တွေးထားတာ ဖြစ်ပါတယ်နော်။
စိတ်ခံစားမှု ဝန်ထုပ်ဝန်ပိုးတွေကို သယ်ထားတတ်တယ်

အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိအချိန်ကိုပဲ ဂရုစိုက်သင့်ပြီးတော့ လက်လွှတ်သင့်တဲ့ အတိတ်တွေကို အမြဲလိုလို ပြန်တွေးနေစရာ မလိုပါဘူး။ ဒါပေမယ့် သင့်ရဲ့ ချစ်သူက ဟိုအရင်က အကြောင်းတွေကိုပဲ ထပ်တလဲလဲ တွေးနေမိပြီး အတိတ်က ကိစ္စတွေအတွက် နောင်တတွေရနေတယ်ဆိုရင် အဲဒီ့စိတ်ခံစားချက်ကြောင့်ပဲ သူသင့်ကို မကြာခင် အသည်းခွဲသွားမှာ ဖြစ်ပါတယ်။ ဒါက အတိတ်က တစ်စုံတစ်ယောက်ကို စိတ်မပြတ်နိုင်သေးတာဖြစ်လို့ သင့်ကို ရေရှည်ဆက်ချစ်နိုင်မှာ မဟုတ်ပါဘူး။
မရင့်ကျက်ဘူး

ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပဲ လူတစ်ယောက်ရဲ့ ပြုမူပြောဆိုပုံတွေမှာ သူ့ရဲ့ရင့်ကျက်ခြင်းတွေကို တွေ့နိုင်ပါတယ်။ သင်ရွေးချယ်ထားတဲ့သူဟာ မရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ အရာရာကို ပေါ့ပျက်ပျက်တွေးတတ်တာ၊ လေးနက်မှုမရှိတာ၊ ယုံကြည်မှုဆိုတဲ့ စကားလုံးကို မသိတာ စသဖြင့် များစွာတွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သူက သင့်ဘဝထဲက လွယ်လွယ်ကူကူပဲ ထွက်သွားမှာ ဖြစ်ပါတယ်။
လိမ်ညာတတ်တယ်

ဆက်ဆံရေးတစ်ခု တည်မြဲချင်တယ်ဆိုရင်တော့ ပွင့်လင်းရိုးသားတာ အကောင်းဆုံးပါပဲနော်။ ဒါပေမယ့် သူက သင့်ကို အကြိမ်ကြိမ် လိမ်ညာနေတယ်၊ သူပြောတဲ့ စကားတွေက ရှေ့နောက်မညီသလို သူပါးစပ်က ထွက်လာသမျှက အလိမ်အညာတွေပါနေတယ်ဆိုရင်တော့ သူ သင့်ကို အသည်းခွဲမှာ သေချာနေပါတယ်။ လူတစ်ယောက်က ကိုယ့်အပေါ် မရိုးသားနိုင်တာဟာ ကိုယ့်အတွက် စစ်မှန်တဲ့ ခံစားချက်တွေ ရှိမနေလို့ပဲ ဖြစ်ပါတယ်။
Khin