လူတော်တော်များများက ကိုယ့်ကိုယ်ကို လိမ်ညာရင်း ကိုယ့်ရဲ့စိတ်ကို ပိုမွမ်းကျပ်စေတတ်ကြပါတယ်။ ကိုယ့်ဘဝရဲ့ တကယ့်ပျော်ရွှင်မှုကို ခံစားမိချင်ရင်တော့ ကိုယ့်ကိုယ်ကို ရိုးသားတတ်ရပါမယ်။ တကယ်တော့ လူတွေကြောက်နေတတ်တဲ့ ကိုယ့်ကိုယ်ကို ရိုးသားစွာ လက်ခံတတ်မှုတွေမှာ မယုံနိုင်စရာကောင်းတဲ့ ကောင်းမွန်ခြင်းတွေ ရှိလို့နေပါတယ်နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရိုးသားဖို့ ဒီအချက်လေးတွေကို သိဖို့လိုအပ်ပါတယ်။
ကိုယ့်ဘဝရဲ့ အကောင်း၊ အဆိုးကို ရင်ဆိုင်ပါ

လူတိုင်းက ကိုယ့်ဘဝမှာ အကောင်းတွေပဲ ကြုံတွေ့ချင်ကြတာပါ။ ဒါပေမယ့် ဘဝမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်တာဖြစ်လို့ ကိုယ့်ဘဝရဲ့ အကောင်းအဆိုးတိုင်းကို လက်ခံတတ်ဖို့ လိုပါတယ်။ ဒီတော့ အကောင်းတွေကို ရင်ဆိုင်နိုင်သလိုပဲ ပြသနာတွေ ကြုံလာတဲ့အချိန်မှာ ထွက်မပြေးပါနဲ့။ ပြသနာတိုင်းက ထွက်ပြေးတိုင်းပြေလည်သွားတာမဟုတ်လို့ ပြသနာတွေကို ရင်ဆိုင်ပြီး ကိုယ်ကြောက်ရွံ့နေတဲ့အရာကို စိန်ခေါ်ကြည့်ပါ။ ဒါက သင့်ဘဝမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာစေမှာ ဖြစ်ပါတယ်။
အမှားတွေနဲ့ ကျရှုံးမှုတွေကို လက်ခံပါ

လူတွေက ကိုယ့်ရဲ့အမှားတွေနဲ့ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရမှာ ရှက်ကြောက်နေတဲ့အတွက် လက်မခံနိုင် ဖြစ်ရတတ်ပါတယ်။ တကယ်တော့ လူတိုင်းက အမှားနဲ့မကင်းကြတဲ့ သူတွေဖြစ်လို့ အမှားလုပ်မိတာဟာ ရှက်စရာ မဟုတ်သလို အမြဲတမ်း အောင်မြင်မှုဆိုတာ မရှိနိုင်လို့ ကျရှုံးတာကလည်း ရှက်စရာ မဟုတ်ပါဘူး။ ဒါတွေကို လက်ခံနိုင်လာတဲ့အခါ ကိုယ်ယူသင့်တဲ့ သင်ခန်းစာတွေကို ယူပြီး ကိုယ့်ဘဝကို ရဲဝံ့စွာ ပိုရှေ့ဆက်ဖြစ်လာမှာပါ။
တန်ဖိုးဖြတ်ဖို့ အချိန်ယူပါ

လူတွေက အဆိုးတွေနဲ့ ကြုံရတဲ့အချိန်မှာ ကိုယ့်ဘဝကို အပြစ်တင်တာ၊ စိတ်ပျက်တာမျိုးတွေ ဖြစ်တတ်ကြပြီး ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေ မဲ့တတ်ကြပါတယ်။ တကယ်တော့ ဒီအဆိုးတွေ နောက်မှာ ထင်မှတ်မထားတဲ့ ကောင်းခြင်းတွေ မရှိနိုင်ဘူးလို့ ဘယ်သူကမှ မပြောနိုင်သလို၊ ဒီအဆိုးတွေက ကိုယ့်ဘဝကို ပြောင်းလဲစေမယ့် အကြောင်းအရင်းလည်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဘဝကို တန်ဖိုးမဖြတ်ခင်မှာ အချိန်ယူပါအုံး။ အချိန်အတိုင်းအတာတစ်ခုက သင့်ဘဝရဲ့ တန်ဖိုးကို ပြသပေးမှာပါနော်။ ဒါကြောင့် ကိုယ့်ဘဝကို လွယ်လွယ် တန်ဖိုးမဖြတ်လိုက်ပါနဲ့။
အတွေးလွန်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါ

အတွေးလွန်တတ်တဲ့ အကျင့်က စိတ်ရောလူပါ ပင်ပန်းစေပြီး အကျိုးဆက်ကတော့ စိုးရိမ်စိတ်များခြင်းပါပဲ။ ဒီလို အတွေးလွန်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖို့လိုအပ်သလို ကိုယ့်ကိုယ်ကို နေရာတကာတိုင်းမှာ အပြစ်မြင်နေတတ်တာကိုလည်း ပြင်သင့်ပါတယ်။ လူတိုင်းမှာ အရည်အချင်း ကိုယ်စီရှိသလို အသုံးဝင်တဲ့ နေရာတွေလည်း မတူကြတာမို့ ကိုယ့်ရဲ့ အားသာချက်ကို တွေ့အောင်ရှာဖို့ပဲ လိုတာပါ။ ဒီအချက်တွေကို ရိုးသားစွာ လက်ခံတတ်လာရင်တော့ ပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝလေးကို ပိုင်ဆိုင်လာစေမှာပါနော်။
Khin