ဆံပင်ဆိုင်တွေလည်း အကုန်ပိတ်ထားပြီဆိုတော့ အခြေအနေက ဆံပင်ကို အိမ်မှာပဲ ညုပ်ရတော့မယ့် အချိန်ပေါ့။ ဆံပင်တွေက ပုံမကျပန်းမကျနဲ့ ဖြစ်နေပြီ၊ ကိုယ့်ကိုယ်ကို ဆံပင်ညုပ်ဖို့ လိုအပ်နေပြီလို့ တွေးနေတဲ့သူတွေအနေနဲ့ ဆိုင်လည်း သွားလို့အဆင်မပြေတဲ့ ခုလိုအခြေအနေမှာ ကိုယ်တိုင် ဆံပင်ညုပ်လို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။
လိုအပ်တဲ့ ပစ္စည်းတွေ စုထားပါ

အရင်ဆုံး ဆံပင်ညုပ်နေတဲ့အချိန်မှာ ပစ္စည်းတွေ မစုံမလင်နဲ့ဆို ဆံပင်ပုံစံလှလှလေး မထွက်လာနိုင်ပါဘူး။ ဒီတော့ အရင်ဆုံး ဆံပင်ညုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ။ လိုအပ်တဲ့ ပစ္စည်းလေးတွေက ကပ်ကြေးထက်ထက် တစ်လက်ရယ်၊ ဘီး၊ ကလိ၊ စပရေး ဘူး၊ တဘတ် နဲ့ ပေတံတွေက လိုအပ်တဲ့ အခြေခံပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ညုပ်မယ့်ပုံစံနဲ့ ဖြစ်နိုင်တဲ့ ပုံစံကို စဉ်းစားပါ

ဆံပင်ညုပ်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပုံစံကို ညုပ်လို့ရမရ စဉ်းစားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဆံပင်ညုပ်ဆရာတစ်ယောက် မဟုတ်တဲ့အတွက် အရမ်းကို ညုပ်ရခက်တဲ့ ပုံစံမျိုး၊ pro ဆန်ဆန် ညုပ်ရမယ့် ဆံပင်ပုံမျိုးဆို အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ကိုယ်ညုပ်လို့ အဆင်ပြေသလို ကိုယ်နဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံမျိုးကို ရှာထားဖို့ လိုအပ်ပါတယ်။
အလွှာမရှိတဲ့ ဆံပင်ညုပ်နည်း

ကိုယ့်ရဲ့ ဆံပင်က အလွှာပုံစံမျိုးမဟုတ်ပဲ တစ်ပြေးညီတည်း ဖြစ်နေရင်တော့ ပိုညုပ်ရလွယ်ကူပါတယ်။ အရင်ဆုံး ဆံပင်ကို အရှေ့ဘက်ကို အားလုံးသိမ်းယူလိုက်ပြီး ဆံပင်အရင်းနားလောက်ကို ponytail စည်းလိုက်ပါ။ ပြီးသွားရင်တော့ ကိုယ်လိုချင်တဲ့ အရှည်ကိုရဖို့ ပေတံနဲ့ တိုင်းလိုက်ပါ။ ပြီးသွားရင်တော့ လိုချင်တဲ့ နေရာထက် အနည်းငယ်လောက် ရှည်ပြီး ညုပ်ဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ်အဆင်မပြေရင် လိုက်ညှိလို့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဆံပင်အဖျားလေးတွေကို ကပ်ကြေးလေးနဲ့ ချွန်ချွန်လေးတွေဖြစ်အောင် အနည်းငယ် ညုပ်ပေးလိုက်ရုံပါပဲနော်။
အလွှာရှိတဲ့ဆံပင်အတွက် ညုပ်နည်း

ဆံပင်အထပ်လေးတွေ၊ အလွှာလေးတွေနဲ့ မညီမညာဖြစ်နေတဲ့ သူတွေအတွက်ကတော့ ရှေ့ကနေ ညုပ်ပေးရပါမယ်။ ဆံပင်ကို သေချာလေး ဖြီးလိုက်ပြီး ရှေ့ဆံပင်အနည်းငယ်ကို လှိမ်ပြီး လိုချင်တဲ့ အရှည်ထက် အနည်းငယ် ရှည်ပြီး ညုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ ကျန်တဲ့ ဆံပင်တွေကို စောစောက ညုပ်ထားတဲ့ အရှည်အတိုင်းပဲ အရှေ့ကို လှိမ်ယူပြီး ညုပ်ပေးရမှာ ဖြစ်ပါတယ်နော်။
Hair bangs ညုပ်နည်း

ရှေ့ဆံပင်လေးတွေကို bangs လေးညုပ်လိုက်တာက လူကို ပိုနုတယ်လို့ ထင်ရစေပါတယ်။ Hair bangs လေးညုပ်ဖိုးဆိုရင် အပိုင်းသုံးပိုင်းအဖြစ် အရှေ့၊ အလယ်နဲ့ ဘေးဘက်ဆိုပြီး ခွဲထားရပါမယ်။ အရင်ဆုံး ဘေးဆံပင်တွေကို ကလိနဲ့ ညုပ်လိုက်ပြီး ကိုယ့်မျက်နှာရှေ့ဆံပင်တွေကို လှိမ်ပြီး ညုပ်ချလိုက်ပါ။ ကိုယ်လိုချင်တဲ့ အရှည်ထက် နည်းနည်းပိုရှည်အောင် ညုပ်ဖို့ကို မမေ့ပါနဲ့နော်။ ပြီးသွားရင် ဘေးနားက ဆံပင်တွေကို ချလိုက်ပြီး ရှေ့ဆံပင်လေးတွေထက် ရှည်ရှည်လေးဖြစ်အောင် ညုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ လိုအပ်တဲ့ နေရာလေးတွေကို လိုက်ညှိပေးလိုက်ပါ။ ဒါဆိုရင်တော့ သဘာဝကျကျ hair bangs လေးရပါပြီ။
Khin