တစ်လတစ်လကို ကိုယ်ရတဲ့ဝင်ငွေနဲ့ ကိုယ်သုံးတဲ့အသုံးစရိတ်က မကာမိလောက်အောင် လုံးလေချာလေလိုက်နေပြီလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ငွေသုံးစွဲမှုနည်းကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပါပြီ။ မလိုအပ်ပဲ ငွေသုံးများနေတဲ့ ကိုယ့်ရဲ့အကျင့်ကို ပြင်ဆင်နိုင်ဖို့ ဒီနည်းလမ်းလေးတွေ လိုက်နာကြည့်ပါ။
Online shop တွေကို ဝင်မကြည့်ပါနဲ့

ခုခေတ်မှာ အလွယ်တကူပဲ အိမ်မှာနေရင်း ဈေးဝယ်ထွက်လို့ရနေပြီဆိုပေမယ့် online shop တွေက ကတယ့်ကို ကိုယ့်ရဲ့ငွေယိုပေါက်ကြီးပါနော်။ ဒီတော့ online shop တွေကို ဝင်ကြည့်တာမျိုးမလုပ်ပါနဲ့ ဖြစ်နိုင်ရင် unfollow တွေလုပ်ထားပါ။ ကိုယ့်ရဲ့တစ်လတာမှာ ဘယ်လောက်ဖိုးပဲ ဝယ်မယ်ဆိုပြီး သတ်မှတ်ထားပါ။
Phone bill ကိုသတ်မှတ်ထားပါ

တစ်ချိန်လုံး ဖုန်းသုံးနေတတ်တဲ့အကျင့်က ကိုယ့်အတွက်မကောင်းတဲ့အပြင် ငွေတွေလည်း ပိုကုန်စေပါတယ်။ ဒီတော့ ကိုယ်သုံးမယ့် phone bill ဖိုးကို သတ်မှတ်ထားပြီး ဖုန်းသုံးတဲ့အချိန်ကိုလည်း လျော့ပါ။ ဖုန်းသုံးမယ့်အစား တစ်ခြား စာအုပ်ဖတ်တာ၊ work out လုပ်တာ၊ ဇာတ်ကားကြည့်တာ၊ ဘာသာစကားအသစ်လေ့လာတာ စသဖြင့် ပြောင်းလုပ်ပါ။
အိမ်မှာပဲ ချက်စားပါ

အပြင်ကဝယ်စားတာထက် အိမ်မှာပဲ ချက်စားတာက ငွေချွေတာရာရောက်သလို ပိုပြီးလည်း နွေးနွေးထွေးထွေး ဖြစ်စေပါတယ်။ အပြင်ကနေ မှာစားတာ၊ အပြင်ထွက်စားတာက သိပ်မကုန်ဘူးလို့ထင်ရပေမယ့် ဖြည်းဖြည်းချင် ကိုယ့်ဘတ်ဂျက်ကို ထိခိုက်စေပါတယ်နော်။ ဒါကြောင့် တစ်လကို တစ်ခါ၊ နှစ်ခါလောက်ပဲ အပြင်မှာ စားသင့်ပါတယ်။
ဘဏ်စာအုပ်လုပ်ထားပါ

ကိုယ့်ရဲ့တစ်လတာဝင်ငွေကို သေချာလေးစီမံဖို့ ဘဏ်စာအုပ်လေးလုပ်ထားပါ။ ပြီးရင် လစာထုတ်တာနဲ့ ဘယ်လောက်စုမယ်ဆိုတာမျိုးကို သေချာလုပ်ပြီး ချက်ချင်းစုလိုက်ပါ။ နောက်ပြီး ဒီပိုက်ဆံကို လုံးဝမကိုင်ပါနဲ့ ဒါက သင့်အတွက် ငွေစုဖြစ်လာသလို ငွေကြေးစီမံဖို့လည်း ပိုတတ်လာစေမှာ ဖြစ်ပါတယ်။
Khin