သင့်ချစ်သူ၊အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်နှိပ်စက်ခံရတဲ့အခါ ဘယ်လိုအကူအညီတောင်းမလဲ

Sponsored

အမျိုးသမီးတွေအတွက် ကံဆိုးမိုးမှောင်အကျဆုံးအချိန်ဟာ ကိုယ်တိုင်ချစ်ခင်နှစ်သက်လို့ ရွေးချယ်ထားတဲ့ အိမ်ထောင်ဖက်၊ချစ်သူက ကိုယ့်ကိုပြန်ပြီး အကြမ်းဖက်နှိပ်စက်တာကို ကြုံရတဲ့အချိန် ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ရှက်ရွံ့သိမ်ငယ်မှုပေါင်းများစွာ၊ ၀မ်းနည်းနာကျည်းမှုပေါင်းများစွာနဲ့ အလူးအလဲ နှိပ်စက်ခံနေရတဲ့ အချစ်ရေး၊အိမ်ထောင်ရေးထဲမှာ ကျရောက်နေရပြီဆိုရင် ကျန်တဲ့ခံစားချက်တွေကို ဘေးဖယ်ပြီး လွတ်မြောက်ရာလမ်းကို ရှာဖွေသင့်ပါတယ်။ ဘယ်နည်းဘယ်ပုံနဲ့ ရှာဖွေရမှန်းမသိ ဖြစ်နေရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။

သင်ခံစားနေရတဲ့အကြောင်း ဖွင့်ပြောပါ။

အိမ်တွင်းအကြမ်းဖက်မှုကို ခံစားနေရတဲ့အခါ ပထမဆုံးလုပ်သင့်တာကတော့ လူတွေသိအောင် ဖွင့်ပြောပြဖို့ပါပဲ။ ဇနီးမယား၊ချစ်သူကို နှိပ်စက်ညှင်းပန်းတတ်တဲ့ အမျိုးသားအများစုဟာ ပတ်ဝန်းကျင်အမြင်မှာ အမြင်မစောင်းရအောင် လူကောင်းဟန်ဆောင်ပြီး နေတတ်ကြပါတယ်။ ဒါကြောင့် သင်နေ့စဉ် ခံစားနေရတဲ့ ငရဲတွင်းကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ လူတွေသိအောင် အရင်ပြောပြဖို့ လိုပါတယ်။ သင့်မိသားစု၊ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်က သင်ကြုံတွေ့နေရတဲ့ စိတ်ထိခိုက်နာကျင်စရာတွေအကြောင်း သိရှိမှသာလျှင် သင့်အတွက် လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ၀ိုင်းဝန်းကူညီရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

Sponsored

ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုအတွက် ကြိုတင်ပြင်ဆင်ထားပါ။

မိမိရဲ့ခင်ပွန်း၊ချစ်သူက မိမိကိုနှိပ်စက်ညှင်းပန်းနေတဲ့အကြောင်း ဘယ်အမျိုးသမီးကမှ ဖွင့်ဟမပြောချင်ကြပါဘူး။ အကြောင်းကတော့ ပြောပြလိုက်တဲ့အခါ ရရှိလာမယ့် ဝေဖန်မှုတွေ၊ ပြစ်တင်ထိုးနှက်ချက်တွေ၊ victim blaming တွေကို မခံစားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သင်ရင်ဖွင့်လိုက်တဲ့အခါ ဖြစ်လာနိုင်ချေရှိတဲ့ တုံ့ပြန်မှုတွေအားလုံးကို ရင်ဆိုင်နိုင်အောင်၊ ခံစားနိုင်အောင် စိတ်ကို ကြိုတင်ပိုင်းဖြတ်ထားပါ။ တကယ်လို့ သင့်ကို ဝေဖန်ပြစ်တင်တာတွေမျိုးတွေ မရှိဘူးဆိုရင်တောင် ကိုယ့်ရဲ့အလုပ်မဖြစ်တဲ့ အိမ်ထောင်ရေး၊အချစ်ရေးကြီးကို လူသိအောင် ပြောပြရတဲ့ ခံစားချက်ကြီးကို ကျော်လွှားနိုင်အောင် ကြိုတင်လေ့ကျင့်ပြီး ပြင်ဆင်ထားသင့်ပါတယ်။

READ
ကိုယ့်ကောင်မလေးကိုအမှားလုပ်မိတဲ့အခါ ဘယ်လိုတောင်းပန်မလဲ

သင့်အမှားမဟုတ်ဘူးဆိုတာ သတိရပါ။

အမျိုးသမီးအများစုဟာ ကိုယ်ယုံကြည်လို့ တည်ဆောက်ထားတဲ့ အချစ်ရေး၊အိမ်ထောင်ရေးက ပြန်ပြီးအကြမ်းဖက်ခံနေရပြီဆိုရင် အများအားဖြင့် ကိုယ့်အမှားလို့သာ ရင်ဝယ်ပိုက်ပြီး တွေးတတ်ကြပါတယ်။ “ငါသာ ဒီလိုမလုပ်မိခဲ့ရင်”ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်တတ်ကြလို့ အဲ့ဒီ့အကြမ်းဖက်ခံ အနေအထားကနေ ထွက်ပေါက်ရှာတွေ့ဖို့ ပိုအခက်ကြုံရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ့်ချစ်သူ၊အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုကို ခံစားနေရပြီဆိုရင် ဘာတွေပဲဖြစ်ပျက်ခဲ့ပါစေ၊ သင့်အပြစ်မဟုတ်ဘူး၊ သင့်အမှားမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။

လက်မလျှော့လိုက်ပါနဲ့။

သင် တစ်ယောက်ယောက်ကို အကူအညီတောင်းမယ်လို့ စဉ်းစားတဲ့အခါ သင်ယုံကြည်ရတဲ့သူကို ရွေးချယ်ပါ။ သင့်အကြောင်းတော်တော်များများကို သိထားပြီး သင့်ရဲ့ကောင်းတာရော၊ ဆိုးတာကိုပါ လက်ခံပေးနိုင်တဲ့သူမျိုးဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ဥပမာ – အမေ၊ အဒေါ်၊ အချစ်ဆုံးသူငယ်ချင်း စတဲ့သူတွေပါ။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်က အားကိုးတကြီး ရင်ဖွင့်တိုင်ပင်လိုက်ပေမယ့် ကိုယ်မမျှော်လင့်တဲ့ တုံ့ပြန်မှုကို လက်ခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဒီလို ခံစားနေရတာကို လက်မခံပေးနိုင်တာ၊ ကိုယ်ပြောပြတဲ့ ဖြစ်ရပ်ကို မယုံကြည်တာ၊ ဒါမှမဟုတ် ဘယ်လောက်ပဲ ဒူးနဲ့မျက်ရည်သုတ်ပြီး စိတ်ဆင်းရဲနေရပါစေ၊ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ အားမပေးတာမျိုးတွေလည်း သူတို့ဘက်ကနေ တုံ့ပြန်လာနိုင်ပါတယ်။ ဒီလိုကြုံရရင် စိတ်မပျက်သွားပါနဲ့။ အားမလျှော့လိုက်ပါနဲ့။ “ငါ့ဘ၀တော့ ရေစုန်မျောပါပြီ”လို့ မတွေးလိုက်ပါနဲ့။ တစ်ယောက်ကို ပြောလို့ အဆင်မပြေရင် နောက်တစ်ယောက်ကို ထပ်ပြောပါ။ သင့်ကို အကူအညီပေးပြီး နှစ်သိမ့်နားလည်ပေးနိုင်မယ့်သူကို ရှာတွေ့တဲ့အထိ အကူအညီတောင်းခံဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်ခံစားနေရတဲ့ ငရဲတွင်းကနေ လွတ်မြောက်ပြီး အေးဆေးပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်ကို တစ်ဖန်ပြန်လည် ဖန်တီးနိုင်မှာပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ မကြောက်ရွံ့ပါနဲ့။ မနက်ဖြန်ဆိုတာ သင်မမြင်နိုင်ဘူး မဟုတ်ပါလား။

READ
ဖုန်းကိုပဲ တကြည့်ကြည့်နဲ့ ပွတ်နေခြင်းကြောင့် ရည်းစားများ ကွဲနို်င်ဟုဆို

ပျိုမေတို့အားလုံးပဲ အကြမ်းဖက်ခံ၊ နှိပ်စက်ခံရတဲ့ ဘ၀မျိုး မကြုံတွေ့ကြပါစေနဲ့။ မတော်တဆ ကြုံလာရပြီဆိုရင်လည်း အမြန်ဆုံး လွတ်မြောက်ပြီး အေးချမ်းပျော်ရွှင်တဲ့ ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

အလင်းဦး
sponsored