သားသမီးတွေတိုင်းလိုလို သေချာပေါက် ကြားဖူးကြတဲ့ အမေတွေရဲ့ ပြောစကားများ

shutterstock/Cookie Studio
Sponsored

ဘဝမှာ မေ့လို့ ဘယ်လိုမှ မရတဲ့ လူတွေထဲမှာ အမေဆိုတဲ့ သူက မဖြစ်မနေ ပါဝင်နေပါတယ်။ ငယ်ဘဝက စလို့ ကြီးတဲ့အထိ အမေက လွမ်းစရာ အချက်တွေနဲ့ ပြည့်နေကြောင်းကို အကုန်လုံး သိနားလည်ကြမယ် ထင်ပါတယ်။ ရန်ဖြစ်လိုက် ပြန်တည့်လိုက် ဆိုးလိုက် ချွဲလိုက်နဲ့ အဆူခံရတဲ့ နေ့ရက်တွေလည်း ဖြတ်သန်းခဲ့ရင်း ဘဝအတွက် အဖိုးတန်အမှတ်ရမှုတွေ အဖြစ် ပိုင်ဆိုင်ကြပါတော့တယ်။ ခေတ်အခြေအနေတွေ ကွာခြားမှုနဲ့အတူ မိဘနဲ့ သားသမီး ညှိနှိုင်းပြီး နားလည်ရတာတွေ များလာခဲ့တဲ့နောက်မှာ ၂၁ ရာစု လူငယ်တွေကတော့ အမေတွေဆီက ကြားနေကျ စကားတွေကို အမှတ်ရနေတတ်ပါတယ်။

နံပါတ် (၁)

Sponsored

ငါ က ဒီအိမ်ရဲ့ ကျွန်မကြီးပဲ ။ အမေတွေက နှစ်ယောက်မရှိတဲ့ မေတ္တာရှင်တွေဆိုတာ ဒီအချက်နဲ့တင် သိရပါတယ်။ အိမ်မှာ ရှိတဲ့ သားသမီး ခင်ပွန်းတို့ရဲ့ ကျန်းမာရေး၊ စားသောက်ရေးနဲ့ အိမ်သန့်ရှင်းရေး စတဲ့ ဝေယျာဝစ္စတွေကို နေ့ရက်တိုင်း မပျင်းမရိ လုပ်ပေးတတ်တာ အမေဆိုတဲ့သူပဲ ဖြစ်ပါတယ်။ စိတ်ဆိုးတဲ့အခါတွေမှာ ငါက အကုန်လုံးရဲ့ ကျွန်မကြီးဆိုတော့ လုပ်ရတာတော့ ဘာညာ ပြောတတ်သလို ကျွန်မကြီး ရှိနေတော့ အဆင့်သင့်ထိုင်စားနိုင်တာပေါ့ စတဲ့ စကားတွေလည်း ကြားရပါတယ်။ တကယ်တမ်း မလုပ်ပေးပဲလည်း မနေတတ်တာ အမေရဲ့ ချစ်မေတ္တာပဲ ဖြစ်ပါတယ်။

READ
ကလေးများကိုရိုက်နှက်ဆုံးမခြင်း၏ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ
shutterstock/VGstockstudio

နံပါတ် (၂)

အားနေ ဖုန်းနဲ့ မျက်နှာပဲ ကပ်နေတယ်။ ဒီဘက်ခေတ် လူငယ်တွေက နည်းပညာတိုးတက်မှုကြောင့် ဖုန်းအသုံးပြုမှု များတာက အမှန်ပဲ ဖြစ်ပါတယ်။ အမေ အများစုကတော့ ဖုန်းကို လူငယ်တွေလောက် စုံနေအောင် အသုံးမပြုတတ်ပေမယ့် ဖုန်းအသုံးပြုချိန်များရင် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာတော့ သိကြပါတယ်။ ဒါကြောင့် စိတ်ပူတဲ့ စိတ်နဲ့ အားအားရှိ အဲ့ဖုန်းပဲ သုံးနေတယ်ဆိုတာကို အမြဲတစေလို ကြားနေရမှာပါ။ သူတို့စိတ်ထဲမှာတော့ ဖုန်းကို ခဏလေးပဲ သုံးပြီး ကျန်တဲ့ အချိန်တွေမှာ သူတို့နဲ့ အတူ အချိန်ဖြုန်းတာ၊ စာလုပ်တာ၊ အိမ်အလုပ်ကူတာတွေကို ပြုလုပ်စေချင်ကြတာ ဖြစ်ပါတယ်။

နံပါတ် (၃)

ဘယ်အချက် မျက်လုံးကန်းမလဲ မသိဘူး။ ဖုန်း အသုံးများတာကို မကြည်တာကြောင့် သင် ဖုန်းကိုင်တာကို မြင်လိုက်တိုင်း အဲ့ဖုန်းပဲ သုံးနေတယ်လို့ မြင်ပြီး ပြစ်တင်ပြောဆိုနေမှာပါ။ ဒါ့အပြင် စိုးရိမ်စိတ်ကြောင့်လည်း ပြောဆိုတတ်ကြပါတယ်။ ဖုန်းအသုံးပြုတာ များလေ မျက်စိထိခိုက်လေ လို့ သိထားကြတာကြောင့် ဖုန်းသုံးတာ မြင်တဲ့အခါတွေမှာ အေး ဘယ်အချက် မျက်လုံးကန်းမလဲ မသိဘူး ငါတော့ မြင်ယောင်နေတယ် စသဖြင့် ကြိမ်းမောင်းနေတတ်သလို မျက်မှန်သမားတွေဆိုရင်လည်း အဲ့မျက်မှန်က ပုလင်းဖင်ပါ ဖြစ်သွားအုံးမယ် စတာတွေကို ပြောတတ်ပါတယ်။

READ
ကမ္ဘာပေါ်က အမေတိုင်းမှာရှိတဲ့ တူညီတဲ့အချက်များ
shutterstock/George Rudy

နံပါတ် (၄)

ရာသီ ဥတု ဖောက်ပြန်နေမယ်။ အမေတွေ အိမ်မှာ မြင်ချင်တဲ့ သားသမီးပုံစံတွေ ရှိပါတယ်။ သူတို့ကို ကူညီတာ သို့မဟုတ် ကိုယ့်ဝေယျာဝစ္စတွေကို ပုံမှန် ပြုလုပ်ပြီး သန့်ရှင်းစေတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သားသမီးအများစုကတော့ သူတို့ စိတ်လိုလက်ရသာ နေတတ်သလို နေနေတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သန့်ရှင်းရေးတွေ ထလုပ်တာမျိုး အဝတ်တွေ ထလျှော်တာတွေ လုပ်မိကြရင် သူတို့က အမလေး နွေခေါင်ခေါင် မိုးရွာတော့မှာပဲ စသဖြင့် ရာသီဥတု ဖောက်ပြန်သွားတဲ့ ပုံစံတွေနဲ့ နှိုင်းပြီး စ နောက်တတ်ကြပါသေးတယ်။

နံပါတ် (၅)

နင်တို့ သူများအိမ်မှာဆို နေလို့ မရဘူး။ ဒါကတော့ သားသမီးတွေအပေါ် စိတ်တိုင်းမကျတဲ့အခါ စိတ်အလိုမကျတဲ့အခါတွေမှာ ပြောတတ်တဲ့စကား ဖြစ်ပါတယ်။ အခု ငါ သေသွားရင်တောင် နင်တို့ သူများနဲ့ နေလို့ မရဘူး။ ဘယ့်နှယ့် ဘာညာ အစချီပြီး ပြောနေတတ်ပါတယ်။ တကယ်က လူငယ်တွေ တကယ် စည်းကမ်း မရှိတာမျိုးလည်း ရှိပေမယ့် မိဘအိမ်မို့ သက်သက်ဆိုးနေတာလည်း ရှိတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အမေတွေရဲ့ စကားတွေက စိတ်ဆိုးချင်စရာ မကောင်းပဲ သဘောကျစရာ ကောင်းနေတတ်ပါတယ်။

Kham

sponsored