Pre-wedding ဓာတ်ပုံမရိုက်ခင် သိထားသင့်တဲ့အချက်တွေ

Sponsored

ခုနောက်ပိုင်းမှာ ချစ်သူစုံတွဲအများစုဟာ မင်္ဂလာမဆောင်ခင် pre-wedding ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလာကြပါ တယ်။ တစ်သက်တာရဲ့ အမှတ်တရအတွက် ရွှေလက်မတွဲခင်က ချစ်ကြိုးသွယ်နေကြတဲ့ပုံရိပ်လေးတွေနဲ့ အထူးသဖြင့် သတို့သမီးရဲ့ အိမ်ထောင့်တာဝန် မပိသေးတဲ့ ပျိုမျစ်နုနယ်၊ လှပဆဲ ပုံရိပ်လေးတွေကို မှတ်တမ်းတင်ခြင်းလို့ pre-wedding ရိုက်ကူးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရင်လည်း ဆိုနိုင်ပါတယ်။ ဒီတော့ တစ်သက်တာလုံးအတွက် အလှဆုံးပုံရိပ်လေးတွေကို မှတ်တမ်းတင်ဖို့ရာ ဘယ်လိုအရာလေးတွေကို ကြိုတင်ပြင်ဆင်ပြီး ဘယ်လိုအချက်ကလေးတွေ ကို သိထားသင့်သလည်းဆိုတာ အကြံပြုချင်ပါတယ်နော်။

– ဘတ်ဂျက်ကို အရင်စဉ်းစားပါ။

pre-wedding ရိုက်တော့မယ်ဆိုရင် ချစ်သူစုံတွဲတွေ အရင်ဆုံးညှိနှိုင်းသင့်တာက ငွေကြေးဘယ်လောက် သုံးစွဲမယ်ဆိုတာပါပဲ။ ထုံးစံအတိုင်းပဲ ဒီလိုကိစ္စတွေဟာ ချဲ့ရင်ချဲ့သလောက် ကုန်နိုင်တဲ့အတွက် နှစ်ဦးစလုံး အဆင်ပြေမယ့် ငွေကြေးပမာဏတစ်ခုကို အရင်ဆုံး သတ်မှတ်လိုက်သင့်ပါတယ်။

– ဓာတ်ပုံစတူဒီယိုတွေ စုံစမ်းပါ။

Sponsored

ဒါကတော့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုပါ။ ဘယ်စတူဒီယိုက ဓာတ်ပုံပညာအရရော၊ အလှအပရှုထောင့်အရပါ လှလှပပ၊ စိတ်ရှည်ရှည်နဲ့ ဖန်တီးပေးသလည်းဆိုတာနဲ့ ဘယ်ဈေးနှုန်းတွေ ကျသင့်မယ်၊ ၀တ်စုံဘယ်နှစုံနဲ့ ရိုက်ကူးပေးတယ်ဆိုတာတွေကို လေ့လာသင့်ပါတယ်။ ဒီခေတ်မှာတော့ ဒါဟာ ဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖုန်းတွေက တစ်ဆင့် အလွယ်တကူပဲ စုံစမ်းသိရှိနိုင်ပါတယ်။

– နေရာ စဉ်းစားပါ။

ဘတ်ဂျက်လည်း သတ်မှတ်ပြီးပြီ။ စတူဒီယို (သို့မဟုတ်) ဓာတ်ပုံဆရာကိုလည်း ရွေးချယ်ပြီးပြီဆိုရင်တော့ ဘယ်နေရာမှာ ရိုက်မယ်ဆိုတာ စဉ်းစားပါ။ indoor ပဲရိုက်ရိုက်၊ outdoor ပဲရိုက်ရိုက် ရှုထောင့်ကောင်းကောင်းကနေ၊ အိုင်ဒီယာ ကောင်းကောင်းလေးနဲ့ အနုပညာလက်ရာမြောက်အောင် ရိုက်နိုင်ရင် ပုံတိုင်းဟာ လှပသက်ဝင်တယ်ဆိုတာ သိထားပါ။ ဒါကြောင့် ကုန်ကျစားရိတ်များမယ့် ကမ်းခြေတွေ၊ အထင်ကရ နာမည်ကြီးနေရာတွေမှာ မရိုက်နိုင်လို့လည်း စိတ်အားမငယ်ပါနဲ့။

READ
အရွယ်နဲ့မလိုက်အောင် နုပျိုပြီး အချိုးအစားကျလွန်းနေတဲ့ Cher ရဲ့ နုပျိုခြင်းလျှို့ဝှက်ချက်

– ဓာတ်ပုံအယူအဆတွေအကြောင်း အနည်းငယ်လေ့လာထားပါ။

သင်ဟာ လက်ရှိခေတ်နဲ့အတူ စီးဝင်မျောပါနေသူတစ်ယောက်ဆိုရင် Google လောက်တော့ သုံးတတ်ရပါမယ်။ ဆိုလိုချင်တာက အခြားနိုင်ငံတွေက စုံတွဲတွေ pre-wedding ကို ဘယ်လိုပို့စ်တွေနဲ့ ဘယ်လိုအိုင်ဒီယာသုံးပြီး ရိုက်ကူးကြသလည်းဆိုတာ လေ့လာပါ။ ဓာတ်ပုံပညာအကြောင်း အများကြီး မသိဘူးဆိုရင်လည်း ကိုယ်သဘောကျတဲ့ ပုံလေးတွေကို save လုပ်ထားပါ။ ရိုက်ခါနီးတဲ့အခါ ဓာတ်ပုံဆရာနဲ့ ညှိနှိုင်းတိုင်ပင်နိုင်ပါတယ်။

– ခေတ်စားလွန်းတာတွေ လိုက်မလုပ်ပါနဲ့။

လက်ရှိရိုက်နေကြတဲ့ pre-wedding တွေမှာလည်း ခေတ်ရေစီးကြောင်း ရှိနေပါတယ်။ Photoshopလို ဆော့ဖ်ဝဲတွေ အားကိုးနဲ့ ထွင်နေကြတဲ့ပို့စ်တွေ၊ ပုံစံ၊ အယူအဆတွေလည်း ရှိနေပါတယ်။ အကြံပေးချင်တာကတော့ အဲ့ဒါတွေနောက် မလိုက်ဖို့ပါပဲ။ pre-wedding ဆိုတာဟာ တစ်ခါရိုက်ပြီး ပြီးသွားမယ့် ပတ်စပို့ဓာတ်ပုံလို မဟုတ်ပါဘူး။ တစ်သက်လုံး သတိရတိုင်း ထုတ်ကြည့်ဖြစ်မယ့်အရာ ဖြစ်တဲ့အတွက် ခေတ်စားလွန်းတာတွေကို ရွေးချယ်ထားတဲ့အခါ နောင်တစ်ချိန် ကိုယ်အသက်ကြီးတော့ ကိုယ်တိုင်မျက်စိစပါးမွေးစူးနေတာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းလေးနဲ့ အမြဲတမ်း ကြည့်လို့ကောင်းနေအောင်၊ လှပသက်ဝင်နေအောင်သာ ရိုက်ကူးသင့်ပါတယ်။

– ဒါလေးတွေ သိထားဖို့လိုတယ်။

ပထမဆုံးအရေးကြီးတာကတော့ သတို့သမီးလောင်းလေးရဲ့ လှပကျော့ရှင်းမှုပါ။ pre-wedding မရိုက်ခင် တစ်လ၊ နှစ်လလောက် အလိုတည်းက အသားအရေ ထိန်းသိမ်းပါ။ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။ မိတ်ကပ် စမ်းလိမ်းကြည့်ထားပါ။ ပြီးတဲ့အခါ ကိုယ်ကနားမလည်ဘူးဆိုပြီး ဓာတ်ပုံဆရာ ခိုင်းတဲ့အတိုင်း လိုက်လုပ်မယ်လို့ပဲ စိတ်မကူးထားပါနဲ့။ ကိုယ်လိုချင်တဲ့ပုံစံကိုလည်း ညှိနှိုင်းတောင်းဆိုနိုင်ပါတယ်။ outdoor တွေမှာ သွားရိုက်တဲ့အခါ ဘယ်သူဘယ်ဝါမှန်းတောင် ခွဲခြားလို့မရအောင်၊ သတို့သား၊ သတို့သမီးမျက်နှာ မပေါ်လွင်ဘဲ ရှုခင်းပုံကြီးပဲ ပါအောင် ရိုက်တဲ့ပုံစံမျိုးတွေကို ရှောင်ပါ။ သဘာဝနေရောင်၊ တိမ်တိုက်၊ ကောင်းကင်၊ သစ်ပင်စတဲ့ အနေအထားလေးတွေကို မျက်စိထဲမှာ မြင်ရတဲ့အတိုင်း ဓာတ်ပုံထဲမှာ ပေါ်လွင်စေဖို့ ဓာတ်ပုံဆရာကို အကူအညီတောင်းပါ။ photo effect တွေ အလွန်အကျူးသုံးထားတဲ့ တိမ်မီးခိုးရောင်တွေ၊ မှိုင်းမှိုင်းပျပျတွေကို ရှောင်ပါ။ pre-wedding ရဲ့ အဓိကအသက်ဟာ မင်္ဂလာမောင်နှံနှစ်ဦးရဲ့ ချစ်ရည်ရွှန်းလဲ့တဲ့ ပုံရိပ်လေးတွေ အသက်ဝင်နေဖို့ဆိုတာ သတိရပါ။ ဒီအချက်ကို ဟန့်တားစေတဲ့ အရာတွေကို အစတည်းက ကြိုပြောပြီး ငြင်းဆန်ထားပါ။

READ
ဝိတ်ချရမှာ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းလေးများ

ကဲ ဒီလောက်ဆိုရင်တော့ pre-wedding ရိုက်မယ့် မွီးတို့၊ ကွီးတို့ လက်မလွန်ခင်၊ နောင်တမရအောင် ကြိုတင်တွေးတော စဉ်းစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ အားလုံးပဲ pre-wedding လှလှလေးတွေထဲကအတိုင်း တစ်သက်လုံး မခွဲဘဲ ရွှေလက်မြဲမြဲတွဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

အလင်းဦး (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay.com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored