လောကမှာ လူတိုင်းဟာပျော်ရွှင်မှုကို တောင့်တတဲ့သူတွေချည်းပါပဲ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ပညာရေး၊ စီးပွားရေးစသဖြင့် ကိုယ်ကျင်လည်ရာအသိုင်းအဝိုင်းအလိုက် ပျော်ရွှင်မှုတွေကို လိုချင်ကြသူတွေချည်းပါပဲ။ တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ သင်မြင်လိုက်တိုင်း ပြုံးသွားစေတဲ့သူတစ်ယောက်ယောက်ရှိရင် ဒါမှမဟုတ် သင်ကိုယ်တိုင်ဖြစ်နေခဲ့ရင် ဒါဟာသင့်အကြောင်းပါ။ ခုဖော်ပြပေးမှာကတော့ သူတစ်ပါးတွေကို ပျော်ရွှင်စေချင်လို့ ပေါတောတောနေပေးတတ်တဲ့သူလေးတွေ အကြောင်းပဲဖြစ်ပါတယ်။
(၁) ဝမ်းနည်းတာကို ဖုံးကွယ်ထားတယ်

သူတစ်ပါးတွေကို ပျော်စေချင်လို့ အမြဲတမ်းပေါတောတောနေလိုက်၊ စလိုက်နောက်လိုက်နေတတ်တဲ့သူတွေရဲ့ ဘဝဟာ အမြဲတမ်းပျော်စရာတွေနဲ့ ပြည့်နှက်နေတာမျိုးတော့မဟုတ်ပါဘူး။ သူတို့ဘဝမှာလည်း ဝမ်းနည်းစရာ၊ နာကျင်စရာလေးတွေ မကြာခဏရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ပြသနာတွေကြောင့် သူတစ်ပါးကို စိတ်အနှောက်အယှက်မဖြစ်စေချင်တာကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်ထားတတ်ကြပါတယ်။
(၂) အတိတ်မှာနာကျင်ဖူးတယ်
သူတစ်ပါးတွေကို ပျော်စေချင်လို့ အမြဲတမ်းပေါတောတောနေပေးတတ်တဲ့သူတွေဟာ အတိတ်မှာ နာကျင်ခဲ့ဖူးတဲ့သူတွေပါ။ အတိတ်မှာ ကိုယ်နာကျင်ခံစားရသလိုမျိုး သူတစ်ပါးကို မနာကြင်စေချင်လို့ ကိုယ်နဲ့တွေ့တဲ့ခဏအချိန်လေးမှတော့ စိတ်သက်သာရာရစေချင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ခံစားချက်တွေအားလုံးကို ဘေးဖယ်ပြီး သူတစ်ပါးကို ပျော်အောင်လုပ်ပေးနေတာဖြစ်ပါတယ်။
(၃) ကိုယ့်ကြောင့်ပျော်သွားတာကို ကျေနပ်တယ်
သူတစ်ပါးတွေကို ပျော်စေချင်လို့ အမြဲတမ်းပေါတောတောနေပေးတတ်တဲ့သူတွေဆိုတာ ကိုယ့်ကြောင့်လူတစ်ယောက် ပြုံးပျော်သွားရင်ကို အလိုလိုကျေနပ်ဝမ်းသာနေမိတဲ့သူတွေပါ။ ဒီလိုပျော်အောင်လုပ်ပေးလိုက်လို့ သူတို့ဆီက မျှော်လင့်တာမျိုး တစ်ခုမှမရှိပါဘူး။ ကိုယ်ကသာ ပေးနိုင်တာအားလုံးပေးလိုက်မယ်။ သူတစ်ပါးဆီက ပြန်ရဖို့ဆိုတာ လုံးဝမတွေးတဲ့သူတွေဖြစ်ပါတယ်။
(၄) မသိချင်ယောင်ဆောင်ပေးတတ်တယ်

သူတစ်ပါးတွေကို ပျော်စေချင်လို့ အမြဲတမ်းပေါတောတောနေပေးတတ်တဲ့သူတွေဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက်တွေကို သိနေသည့်တိုင်အောင် မသိချင်ယောင်ဆောင်ပေးတတ်တဲ့သူတွေပါ။ လူတစ်ယောက်ရဲ့အားနည်းချက်ကို သိသွားတာနဲ့ အချိုးတွေပြောင်းမယ့်သူတွေမဟုတ်ပါဘူး။ အားလုံးကို တန်းတူထားပြီး ဆက်ဆံနိုင်တဲ့သူတွေဖြစ်ပါတယ်။
(၅) အရမ်းအလိုက်သိတယ်
သူတစ်ပါးတွေကို ပျော်စေချင်လို့ အမြဲတမ်းပေါတောတောနေပေးတတ်တဲ့သူတွေဆိုတာ အရမ်းအလိုက်သိကြပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ ဘယ်လိုခံစားနေရတယ်ဆိုတာ သိကြပါတယ်။ ဝမ်းနည်းနေတာလား၊ ဒေါသထွက်နေတာလားဆိုတာကိုကြည့်ပြီး တစ်ဖက်လူရဲ့စိတ်အခြေအနေအလိုက် ဘယ်လိုပျော်စရာလေးတွေကို ဖန်တီးပေးရမလဲဆိုတာကို အမြဲစဉ်းစားပေးတတ်ကြတဲ့ ပျော်ရွှင်ဆေးလေးတွေပဲဖြစ်ပါတယ်။
Em Em