ဘဝမှာ ပျော်ရွှင်ရဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှနေမှ ဖြစ်မှာပါနော်။ ဒီလို ကျန်းမာဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ကိုင်တာနဲ့ ထိုက်သင့်တဲ့အနားယူမှုပေးတာမျိုးက မဖြစ်မနေလိုအပ်ပါတယ်။ တစ်ချို့တွေကတော့ ပျော်ရွှင်ဖို့ထက် အလုပ်ကိုပဲ တွန်းလုပ်နေတတ်ပါတယ်။ ထိုက်သင့်တဲ့ နားချိန်ပေးပြီး အလုပ်ကို ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားလုပ်ကိုင်တတ်တဲ့သူတွေကတော့ ဘဝမှာ ပိုပြီး အောင်မြင်နေတတ်ကြပါတယ်။ ဒါကြောင့် ရုံးပိတ်ရက်တွေမှာ မဖြစ်မနေ အနားယူသင့်တဲ့အကြောင်းအရင်းတွေကို ပြောပြလိုက်ရပါတယ်။
(၁) စိတ်ဖိစီးမှုတွေ လျှော့ချဖို့
အလုပ်လုပ်ကိုင်တဲ့အခါမှာ အနည်းနဲ့အများ စိတ်ဖိစီးမှု ရှိတတ်ကြတာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကနေ စိတ်ကျန်းမာရေးကို ထိခိုက်တဲ့အဆင့်ထိ မရောက်သွားဖို့တော့ လိုပါတယ်။ လူရဲ့ခေါင်းက အကြောင်းအရာတစ်ခုတည်းပဲ တွေးနေရတယ်ဆိုရင် စိတ်ဖိစီးမှု ပိုများစေမှာပဲ ဖြစ်ပါတယ်။ ရုံးပိတ်ရက်မှာ အလုပ်အကြောင်း မတွေးတော့ဘဲ အနားယူလိုက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပြီး ခံနိုင်ရည်ရှိစေမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း သင့်ရဲ့ အတွေးတွေကို ပိုပြီး ဆန်းသစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၂) စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်လာစေဖို့
အခက်အခဲတွေ ကြုံလာတဲ့အခါ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်နိုင်မှုက အရေးကြီးပါတယ်။ ဒီလိုတွေးခေါ်နိုင်ဖို့ ဆိုတာ စိတ်က တည်တည်ငြိမ်ငြိမ် ရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ လူမှုဆက်ဆံရေး၊ သမီးရည်းစားဆက်ဆံရေး၊ မိသားစုဆက်ဆံရေးနဲ့ အလုပ်ကိစ္စတွေ မှာ ဖြေရှင်းစရာတွေက များပါတယ်။ အလုပ်ပဲ ဖိလုပ်နေရင် ဒါတွေအတွက် ဖြေရှင်းနိုင်စွမ်း လျော့ကျနေမှာပါ။ ဒါကြောင့် အလုပ်အားလပ်ရက်တွေမှာ ဦးနှောက်ကို အနားပေးဖို့ ပြုလုပ်ပေးမှသာ စဉ်းစားနိုင်စွမ်းက တိုးတက်လာမှာ ဖြစ်ပါတယ်။

(၃) လူမှုရေးတာဝန်တွေ မလစ်ဟင်းစေဖို့
မိသားစုကို အချိန်ပေးဖို့၊ ရည်စားဖြစ်သူကို အချိန်ပေးဖို့နဲ့ သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့ဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ ဒါက တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားမှုကို ပြသတဲ့ သဘော ဖြစ်ပါတယ်။ ဒီအတွက် အားလပ်ရက်တွေမှာ အလုပ်အကြောင်း မတွေးဘဲ အနားယူရင်း သူတို့ကို အချိန်ပေးသင့်ပါတယ်။ အလုပ်တွေချည်း လုပ်နေရင်တော့ ဒီအရာတွေမှာ လစ်ဟင်းမှုတွေ ရှိသွားတတ်ပါတယ်နော်။

(၄) အလုပ်မှာ တိုးတက်မှု ရှိစေဖို့
လူတိုင်း အလုပ်လုပ်ရတယ်ဆိုပေမယ့် အလုပ်လုပ်ချိန် အလုပ်လုပ်ပြီး အနားယူချိန်မှာ အနားယူသင့်ပါတယ်။ အလုပ်တစ်ခုကိုပဲ ကုန်းရုန်းဖိလုပ်ပြီး အနားယူဖို့ လစ်ဟင်းနေမယ်ဆိုရင် စိတ်က ပင်ပန်းလာတတ်ပါတယ်။ ဒီအတွက် အလုပ်မှာ စွမ်းဆောင်ရည်က ပိုပြီး တိုးတက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်မှာ စွမ်းဆောင်ရည် တက်ဖို့ဆိုရင် ဦးနှောက်ကို အနားပေးပြီး လေ့လာမှုလေးတွေ နည်းနည်းစီ လုပ်ပေးတာကလည်း တိုးတက်မှု ရှိစေပါတယ်။

(၅) ပိုပြီး ကျန်းမာလာစေဖို့
အလုပ်တွေ လုပ်ရင်း စိတ်ပင်ပန်းနေရတာမျိုး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားမပေးတာမျိုးက ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေပါတယ်။ ဒီအတွက် အားလပ်ရက်တွေမှာ အနားယူပေးရင်းနဲ့ ကိုယ့်ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို ကျန်းမာနေအောင် အားမွေးသင့်ပါတယ်။ ဒါမှသာ ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Kham