မြို့ကြီးတွေထက် မြို့ငယ်လေးတွေက ဘာကြောင့် နေထိုင်ဖို့ အကောင်းဆုံး ဖြစ်စေတာလဲ။ ဒီမေးခွန်းကတော့ သိပ်အထွေအထူး ရှင်းပြနေစရာတောင် လိုမယ်မထင်ပါဘူး။ အေးချမ်းတဲ့ လူနေမှုဘဝမှာ နေထိုင်ချင်ကြတဲ့ သူတွေတိုင်းကတော့ မြို့ငယ်လေးတွေကို ပိုသဘောကျတတ်ကြပါတယ်နော်။ နောက်ပြီး မြို့ငယ်လေးတွေမှာ နေထိုင်ဖို့အကောင်းဆုံး ဖြစ်ရတာက ဒီအချက်လေးတွေကြောင့် ဖြစ်ပါတယ်။

မြို့ငယ်လေးတွေက လူနေမထူထပ်လို့ တိတ်ဆိတ် အေးချမ်းစွာ နေထိုင်စရာကောင်းတဲ့ နေရာလေးဖြစ်စေပါတယ်။ မြို့ပြကြီးတွေလို တစ်ချိန်လုံး လူတွေ၊ ကားတွေနဲ့ ရှုပ်ယှက်ခတ်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပ်ဂရုမစိုက်တတ်ကြဘူး။ မြို့ငယ်လေးတွေမှာတော့ လူအနည်းငယ်ပဲရှိတာမို့ ခင်မင်ရင်းနှီးလွယ်ပြီး နွေးထွေးမှုလေးကို ပိုခံစားမိစေပါတယ်။

နောက်ပြီး မြို့ကြီးတွေမှာဆို စက်ရုံ၊ အလုပ်ရုံတွေ၊ မော်တော်ကားတွေများတဲ့အတွက် သန့်စင်တဲ့လေဆိုတာ ရှားပါးလာပါတယ်။ မြို့ငယ်လေးတွေရဲ့ အားသာချက်က သန့််ရှင်းလတ်ဆတ်တဲ့လေးကို ရှုရှိုက်နိုင်တယ်၊ သဘာဝအငွေ့အသက်တွေကို ခံစားနိုင်တယ်၊ ရာသီဥတု ညီညွတ်မျှတတယ်။ ဒါက လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ဆေးတွေလိုပါပဲ။

မြို့ကြီးတွေလို တစ်ချိန်လုံး လင်းထိန်မနေတဲ့ မြို့ငယ်လေးတွေမှာတော့ သဘာဝကို ပိုထိတွေ့နိုင်ပါတယ်။ ညဘက်တွေမှာ ကြယ်တွေစီခြယ်ထားတဲ့ ပန်းချီကားတွေကို ထိုင်ငေးကြည့်ရတာကလည်း အရသာတစ်ခုပဲ မှလား။ ဒါမျိုးကို မြို့ပြကြီးမှာတော့ ခံစားလို့မရနိုင်ပါဘူး။
နောက်ထပ် မြို့ငယ်လေးတွေမှာ နေထိုင်သင့်တဲ့ အချက်တစ်ချက်က ကားပါကင်အတွက် နေရာစိတ်ညစ်နေစရာ မလိုသလို၊ ကားပိတ်လို့ အချိန်ကုန်မှာလည်း စိတ်ပူနေစရာ မလိုပါဘူး။ လူဦးရေ နည်းနည်းပဲရှိလို့ လမ်းတွေမှာ ကားပိတ်တာမျိုးလည်း မရှိပါဘူးနော်။

မြို့ငယ်လေးတွေမှာ နေထိုင်ကြတဲ့ သူတွေဟာ သွားစရာ သိပ်များများစားစားလည်း မရှိတာမို့ ပိတ်ရက်တွေမှာလည်း မိသားစုနဲ့ နွေးထွေးအေးချမ်းစွာပဲ ဖြတ်သန်းတတ်ကြပါတယ်။ ဒါကြောင့် မိသားစုအချင်းချင်း ပိုနွေးထွေးမှုကို ခံစားရစေပါတယ်နော်။ ဒီအချက်လေးတွေကြောင့်ပဲ မြို့ငယ်လေးတွေက နေချင်စရာ ကောင်းတဲ့ နေရာတစ်ခု ဖြစ်လာခဲ့တာပါ။
Khin