သမီးမိန်းကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေတဲ့ မေမေတို့ရဲ့ ဆုံးမစကား (၅)ခွန်း

SpeedKingz/shutterstock
Sponsored

အမေတွေဆိုတာ သမီးတွေအတွက် စံပြလည်းဖြစ်၊ အချစ်ဆုံးလည်းဖြစ်တဲ့သူတွေပါ။ အမေတိုင်းက ကိုယ့်သမီးတွေကို ချစ်လွန်းလို့ ၊ ကောင်းစေချင်လို့ဆုံးမကြပေမယ့် အမေတွေရဲ့ တချို့စကားလုံးတွေက သမီးတွေအတွက် စိတ်ဒဏ်ရာကိုဖြစ်စေပြီး အရွယ်ရောက်လာလို့ လုပ်ငန်းခွင်ရောက်တဲ့အခါ၊ ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ သမီးမိန်းကလေးတွေကို ဆုံးမတဲ့အခါ ဒီလိုစကားတွေ မပြောမိဖို့ အထူးသတိပြုဆင်ခြင်သင့်ပါတယ်။

(၁) စာကိုပဲလုပ်၊ တခြားဟာတေစိတ်မဝင်စားနဲ့

Evgeny Atamanenko/shutterstock

မေမေတို့က သမီးမိန်းကလေးတွေကို တော်တဲ့ထက်မြက်တဲ့ သူလေးတွေ ဖြစ်စေချင်ကြတာကြောင့် စာကိုသေချာလုပ်စေချင်ကြပါတယ်။ စာကြိုးစားဖို့ တွန်းအားပေးတာမှန်ပေမယ့် သူတို့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အကြောင်းအရာတွေကိုလည်း စူးစမ်းခွင့်ပေးရပါမယ်။ စိတ်အပန်းဖြေမှုလေးတွေနဲ့ အားကစားလုပ်ဖို့လည်း အားပေးရပါမယ်။ ဒီလိုမဟုတ်ဘဲ ရွယ်တူတွေက ရေကူး၊ စက်ဘီးစီး၊ ခရီးတိုလေးတွေသွားလုပ်နေတဲ့အချိန် သူတို့လေးတွေက စာအုပ်ပုံရှေ့မှာပဲ အချိန်ကုန်နေရမယ်ဆိုရင် စိတ်ပင်ပန်းမွန်းကြပ်နေပြီး အရွယ်ရောက်တဲ့အခါ လွတ်ထွက်သွားတာမျိုး၊ ပေါင်းသင်းဆက်ဆံရေးခက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်။

(၂) နင့်ကိုယူမယ့်သူတောင် ရှိပါ့မလား

Sponsored

သမီးလေးတွေကို ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ အရှိအတိုင်း လက်ခံတတ်အောင်၊ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် သင်ပေးရမှာပါ။ ဒီလိုမဟုတ်ဘဲ နင့်ကိုယ်နင်ပြန်ကြည့်ဦး၊ နင်အရွယ်ရောက်လာရင် နင့်ကို ယူမယ့်သူတောင်ရှိမှာမဟုတ်ဘူး ဆိုတဲ့ စကားတွေကို လုံးဝမပြောသင့်ပါဘူး။ ဒီစကားတွေကြောင့် သူတို့ဟာ အမြဲတမ်းလိုအပ်ချက်ရှိနေတဲ့သူ၊မပြည့်စုံတဲ့သူ၊ လူတောမတိုးတဲ့သူလို့  စိတ်ထဲမှာခံယူသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေဖြစ်လာပါလိမ့်မယ်။လူတစ်ယောက်ချင်းစီက မတူညီတဲ့အလှနဲ့ တန်ဖိုးကိုယ်စီရှိကြောင်း၊ သူတို့လေးတွေက ကိုယ်ပိုင်အလှနဲ့ လှတဲ့အကြောင်း အမြဲပြောပေးပါ။

READ
အတွေ့အကြုံရှိသူတွေပြောကြတဲ့ ဖရဲသီးဝယ်ရင် အသီးကောင်းတာရွေးတတ်ဖို့ နည်းလမ်းများ

(၃) နင်ကိုယ်တိုင်သမီးလေးမွေးမှ ငါ့ကိုနားလည်မယ်

Shutterstock/GingerGiraff

သမီးတွေအတွက် အရမ်းစိုးရိမ်စိတ်ပူရတဲ့အခါ၊ သောကရောက်ရတဲ့ အခါမျိုးမှာ မေမေတွေက ဒီလိုစကားကိုပြောတတ်ကြပါတယ်။ ဒါက မေမေတွေရဲ့ စိုးရိမ်မှုအတိုင်းအတာကိုဖော်ပြတဲ့စကားဖြစ်ပေမယ့် သမီးတွေအတွက်တော့ အပြစ်တင်စကားတစ်ခုလို့ပဲ ခံစားရပါတယ်။ ဒီလိုစကားမျိုးပြောတာထက် အမေနဲ့သမီးဆိုတာ သားအမိလည်းဟုတ်၊ ညီအစ်မလိုလည်းဟုတ်၊ သူငယ်ချင်းဆိုလည်းဟုတ်တဲ့ ဆက်ဆံရေးမျိုးဖြစ်အောင် မေမေတွေဘက်က ဖန်တီးတတ်ရမှာပါ။

(၄) နင့်အပေါင်းအသင်းတွေကြောင့် နင်ပျက်စီးမယ်

မိန်းကလေးတွေအတွက် အပေါင်းအသင်းကလည်းအရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လိုလူမျိုးနဲ့ပေါင်းသင့်တယ်ဆိုတာမျိုးလောက်ပဲ ပြောပြနိုင်မှာဖြစ်ပြီး ၊ နင် သူတို့တွေနဲ့ မပေါင်းနဲ့လို့တော့ တားလို့ရမှာမဟုတ်ပါဘူး။ နင့်အပေါင်းအသင်းတွေကြောင့် နင်ပျက်စီးမယ် လို့ ပြောလိုက်တာက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပတ်သက်လို့ အထင်သေးတဲ့သဘောမျိုးသက်ရောက်ပါတယ်။ ဒါကြောင့် သူတို့ရွေးချယ်ထားတဲ့အပေါင်းအသင်းနဲ့ ပတ်သက်ပြီး အမြဲသတိရှိနေတတ်အောင် သင်ပေးပြီး သူတို့ရဲ့ရွေးချယ်မှုကိုလေးစားဖို့လိုပါတယ်။

(၅) နင်ကမိန်းကလေးနော်

PR Image Factory/shutterstock

မိန်းကလေးနဲ့ ယောကျာ်းလေးမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုပေမယ့် မိန်းကလေးမို့ဒါမလုပ်ရဘူး၊ မိန်းကလေးမို့ ဒါမဖြစ်သင့်ဘူး ဆိုတဲ့ ဆုံးမစကားတွေက သမီးမိန်းကလေးတွေအတွက် စိတ်ညစ်စရာသက်သက်ပါပဲ။ နင်က မိန်းကလေးနော် ဆိုတဲ့ သတိပေးစကားမျိုးက သမီးမိန်းကလေးတွေကို မေမေတွေ ကိုယ်တိုင်နှိမ့်ချတဲ့သဘောမျိုးဖြစ်နေပါတယ်။ ဒီစကားမျိုးပြောတာထက် သမီးမိန်းကလေးတွေကို စဉ်းစားဆင်ခြင်တတ်ဖို့၊ သတ္တိရှိဖို့ နဲ့ ကိုယ်စွမ်းကိုယ်စတွေမတုံးဖို့ လမ်းကြောင်းပေးသင့်တာပါ။

  • သေချာတာတစ်ခုကတော့ သမီးမိန်းကလေးတွေက အနီးကပ်ဆုံးအမေကို ကြည့်ပြီးနေတတ်ကြပါတယ်။ အမူအရာတွေအရ မသိသာရင်တောင် သူတို့စိတ်ထဲမှာ အမေက စံပြပါ၊ ဟီးရိုးပါ။ ဒါကြောင့် တော်တဲ့၊ ထက်တဲ့၊ မှန်မှန်ကန်ကန်တွေးခေါ်စဉ်းစားတတ်တဲ့ သမီးလေးတွေ လိုချင်ရင် အမေတွေကိုယ်တိုင်က ဖြောင့်ဖြောင့်မှန်မှန်နေဖို့ လိုပါတယ်။ ငါ့လို ဖြစ်မှာစိုးလို့ နင့်ကိုပြောနေရတာ ဆိုတာမျိုးက အလုပ်မဖြစ်ပါဘူးလို့။ ချစ်ခင်သင့်မြတ်တဲ့ မေမေများ၊ သမီးများဖြစ်ကြပါစေ။
READ
သင့်အမေက သင်ပိုင်ဆိုင်ခွင့်ရတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ကြောင်းသက်သေ(၆)ချက်

MAY THAZINHTOO

sponsored