လူအများစုကို လက်ရှိ အလုပ်ကနေ ထွက်ဖြစ်အောင် လှုံ့ဆော်တဲ့ အကြောင်းအရင်းများ

shutterstock/Eviart
Sponsored

အကြောင်းအမျိုးမျိုးကြောင့် လူတွေက အလုပ်ထွက်လေ့ ရှိကြပါတယ်။ Mercer လေ့လာမှုတစ်ခုအရ အလုပ်စဝင်ခါစ လူတွေရဲ့ သုံးပုံတစ်ပုံဟာ အလုပ်စဝင်ဝင်ပြီးချင်း တစ်နှစ်အတွင်းမှာ အလုပ်ထွက်ဖို့ အကြံပေါ်ကြပါသတဲ့။ အလုပ်ခွင်ယဉ်ကျေးမှု၊ အလုပ်ခွင်နေရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆက်ဆံရေးအခြေအနေတွေက အလုပ်ထွက်ခြင်းကို သက်ရောက်စေပါတယ်။ အလုပ်ထွက်ချင်တဲ့ အကြောင်းအရင်းတွေ အများစုကတော့ အောက်မှာ ဖော်ပြတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

(၁) အလုပ်နဲ့ ကိုယ့်ဘဝနဲ့ ဟန်ချက်ညီမှုမရှိတာ

Sponsored

အလုပ်နဲ့ ကိုယ့်ဘဝနဲ့ ဟန်ချက်ညီမှုမရှိတဲ့ အခြေအနေမျိုးတွေကြောင့် အလုပ်ထွက်လေ့ ရှိပါတယ်။ တစ်ဖက်မှာ မိသားစုတာဝန်တွေနဲ့ တစ်ဖက်မှာ အလုပ်ရှိနေတဲ့အခါ မိသားစုတာဝန်တွေနဲ့ အလုပ်ကြားမှာ ဟန်ချက်ညီမှုရှိအောင် လုပ်ဖို့ လိုပါတယ်။ မိသားစုတာဝန်တွေကို ဦးစားပေးလုပ်ရပြီး အလုပ်နဲ့ ကိုယ့်ဘဝကြားမှာ ဟန်ချက်ညီမှု မရှိတော့တဲ့အခါ လူတွေဟာ အလုပ်က ထွက်ကြရပါတယ်။

shutterstock/Drazen Zigic

(၂) အလုပ်မှာ ဖိအားများလွန်းတာ

ဘယ်အလုပ်မှာမဆို အလုပ်ဖိအားရှိတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် လုပ်နေရတဲ့ အလုပ်မှာ ဖိအား အလွန်အကျွံများလာပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာတင် မကပါဘူး။ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ပါတယ်။ ဖိအား အလွန်အကျွံများလွန်းတဲ့အခါ အလုပ်ကို ဆက်လုပ်နေလေ ပရုပ်လုံးလို လုံးပါး ပါးလေ ဖြစ်မှာပါပဲ။ အလုပ်မှာ ပျော်ရွှင်မှု မရှိတော့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် လူအတော်များများဟာ အလုပ်က ထွက်လေ့ရှိကြပါတယ်။

READ
နှစ်ဟောင်းက အဆိုးတွေကို သင်ခန်းစာယူပြီး (၂၀၁၉) အတွက် အဆင်သင့်ဖြစ်စေဖို့ ......

(၃) အလုပ်မှာ လုပ်စရာ မည်မည်ရရ မရှိတာ

အလုပ်လျှောက်ပြီး အလုပ်ဝင်တယ်။ အလုပ်တော့ ရပါရဲ့ လုပ်စရာမည်မည်ရရ အလုပ်မရှိဘူးဆိုရင်လည်း အလုပ်က ထွက်လေ့ရှိကြပါတယ်။ အလုပ်ဝင်နေပြီး ကိုယ်နဲ့ပတ်သက်လို့ အလုပ်ခေါင်းစဉ် ပျောက်နေတာမျိုး၊ အလုပ်မရှိတဲ့ ရက်တွေ များတာမျိုး၊ အလုပ်မှာ ဖိအားမရှိဘဲ မည်မည်ရရ ဘာမှမလုပ်ရဘူးဆိုရင်လည်း အလုပ်လုပ်တဲ့သူအနေနဲ့ စိတ်လေတာမျိုး၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာမျိုးဖြစ်ပြီး အလုပ်က ထွက်လေ့ရှိကြပါတယ်။

shutterstock/Olesya Kuznetsova

(၄) ရာထူးမတိုးတာ

အလုပ်ဝင်ကြတဲ့သူတွေအနေနဲ့ လုပ်ကိုင်လာတာ ကြာလာတာနဲ့အမျှ လစာပိုကောင်းတဲ့ အထက်ရာထူးကို မျှော်တတ်ကြတာပဲ ဖြစ်ပါတယ်။ နှစ်အတော်ကြာ အလုပ်လုပ်လာပြီး လစာလည်း မတိုး၊ အလုပ်စဝင်ကတည်းက ဒီနေရာပဲဖြစ်နေတာဟာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကုမ္ပဏီအပေါ်မှာ သစ္စာရှိရှိ နှစ်များစွာ လက်တွဲအလုပ်လုပ်လာပြီး ရာထူးမတိုးတာကြောင့် အလုပ်က ထွက်လေ့ရှိကြပါတယ်။

(၅) အလုပ်မှာ စီမံခန့်ခွဲမှု ညံ့တာ

READ
လေယာဉ်မောင်/လေယာဉ်မယ် ဖြစ်ဖို့ အခြေခံလိုအပ်ချက်(၉)ချက်

အလုပ်တစ်ခုမှာ မန်နေဂျာတာဝန်ယူထားရတဲ့သူက အရေးကြီးပါတယ်။ အလုပ်တစ်ခု တိုးတက်အောင်မြင်ဖို့ဆိုတာ အလုပ်မှာ လုပ်ကိုင်နေတဲ့သူတွေကို သင့်လျော်တဲ့ နေ့စဉ်အလုပ်တွေ ပေးဖို့၊ စီမံခန့်ခွဲပေးဖို့၊ ရလဒ်တွေကို နေ့စဉ် စစ်ဆေးဖို့ လိုအပ်သလို အလုပ်လုပ်ကိုင်သူတွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း လိုပါတယ်။ ဒီအချက်တွေ မရှိဘဲ စီမံခန့်ခွဲမှု ညံ့တာတွေကြောင့် လူတွေဟာ အလုပ်က ထွက်လေ့ရှိကြပါတယ်။

shutterstock/Lipik Stock Media

(၆) အလုပ်သစ် ပြောင်းချင်တာ

ဒီအချက်ကတော့ ရှင်းပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်ထက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်သစ်တစ်ခုကို ပြောင်းချင်တာကြောင့်လည်း အလုပ်က ထွက်လေ့ရှိကြပါတယ်။

(၇) ဆုပေးတဲ့ စနစ်မရှိတာ

အလုပ်ကြိုးစားတဲ့သူကို ကြိုးစားတဲ့အလျောက် အသိအမှတ် ပြုသင့်သလို အလုပ်ပျက်ကွက်တဲ့သူကို ပျက်ကွက်တဲ့အလျောက် ဒဏ်တပ်တာမျိုးက အလုပ်တိုင်းမှာ ရှိသင့်တဲ့အရာပါ။ အလုပ်ပျက်ကွက်တော့ ဒဏ်တပ်ပြီး အလုပ်ကြိုးစားတဲ့အခါကျ အသိအမှတ်ပြုတာမျိုး၊ ဆုပေးတာမျိုး မလုပ်ဘူးဆိုရင် အလုပ်,လုပ်တဲ့သူတွေအနေနဲ့ အလုပ်အပေါ် စိတ်ပျက်ကြမှာပဲ ဖြစ်ပါတယ်။ ထိုက်သင့်တဲ့ ဆုပေးတဲ့စနစ်မရှိတာကြောင့် လူတွေက အလုပ်ကနေ ထွက်လေ့ရှိကြပါတယ်။

အလုပ်တစ်ခုကို ဦးစီးထူထောင်ပြီး လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ ဒီအချက်လေးတွေကို သတိမူမိပြီး ကိုယ့်လုပ်ငန်း တိုးတက်အောင် လုပ်ကိုင်နိုင်ကြပါစေနော်။

Kham

sponsored