လူတစ်ယောက် ထူးချွန်နေတယ် ထက်မြက်နေတယ်ဆိုတာမျိုးက ရုတ်တရက် အလိုလို ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ အလေ့အကျင့်တွေ ပျိုးထောင်ပြီး ကိုယ်နဲ့ တသားတည်း ဖြစ်သွားတဲ့ အလေ့အကျင့်တွေ ပိုင်ဆိုင်လာတဲ့အခါ ထူးချွန်တဲ့သူ ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ ထူးချွန်တဲ့သူ ဖြစ်ဖို့ဆိုရင် ငယ်စဉ်ကတည်းက အခုလို အကျင့်တွေ ပျိုးထောင်ထားပေးဖို့ လိုအပ်ပါတယ်နော်။
လေ့လာတတ်တဲ့ အကျင့်
အမြင်ကျယ်တဲ့သူအားလုံးရဲ့ တူညီတဲ့အချက်က လေ့လာဖို့ မပျက်ကွက်ကြတဲ့ အကျင့်တစ်ခုပါပဲ။ ပတ်ဝန်းကျင်ကိုလည်း လေ့လာရမှာ ဖြစ်သလို ပညာရပ်ပိုင်းဆိုင်ရာတွေလည်း လေ့လာနိုင်ဖို့အတွက်ဆိုရင် ကိုယ့်မှာ စူးစမ်းတဲ့စိတ်နဲ့အတူ လေ့လာတတ်တဲ့ အကျင့် ရှိနေရမှာ ဖြစ်ပါတယ်။ ဒီအကျင့်ကို ကလေးဘဝတည်းက ပျိုးထောင်ထားမယ်ဆိုရင် အရွယ်ရောက်တဲ့အခါ လေ့လာချင်စိတ် မရှိတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မှာပါ။

အကျိုးအကြောင်း ဆင်ခြင်တတ်တဲ့ အကျင့်
ပညာတတ်တွေက အကျိုးအကြောင်း မရှိဘဲ စွတ်ပြောတာမျိုး မလုပ်တတ်ကြပါဘူး။ အရာအားလုံးမှာ အကြောင်းတရားတွေ ရှိနေတာကို သိကြတဲ့သူတွေကတော့ ဆင်ခြင်နိုင်စွမ်း ပိုရှိကြပါတယ်။ ဒါကြောင့် ငယ်ငယ်တည်းက မဆင်မခြင် ပြောတာမျိုး မလုပ်စေဘဲ အချက်အလက်ကျကျ အကျိုးအကြောင်းနဲ့ ပြောတတ်ဖို့ လေ့ကျင့်ပေးထားဖို့ လိုပါတယ်နော်။

စာဖတ်တဲ့ အကျင့်
စာဖတ်တဲ့သူက ပိုပြီး အသိဉာဏ်ကြွယ်ဝပါတယ်။ ထူးချွန်ထက်မြက်တဲ့သူတိုင်းက စာအုပ်စာပေနဲ့ ခွဲလို့ မရပါဘူး။ ဒါကြောင့် စာဖတ်လေ့ မရှိဘူးဆိုရင် စာဖတ်ဖို့ ကြိုးစားနေရမှာပါ။ ငယ်ငယ်တည်းက စာဖတ်တဲ့အကျင့် မွေးမြူပေးရင်တော့ အရွယ်ရောက်လို့ လေ့လာရမယ့် စာအုပ်စာပေတွေကိုလည်း မငြီးငွေ့ဘဲ လေ့လာနိုင်ပြီး ထူးချွန်တဲ့သူ ဖြစ်လာမှာပါ။

ပြောရဲဆိုရဲတဲ့ အကျင့်
အရွယ်ရောက်လာတာနဲ့အမျှ လူအများနဲ့ ပေါင်းသင်းဆက်ဆံကြရတာပါ။ ဒါကြောင့် လူကြောက်နေမယ်၊ စကားမပြောရဲဘူးဆိုရင် လူတော်မတိုးနိုင်သလို ထက်မြက်တဲ့သူလည်း ဖြစ်မလာနိုင်ပါဘူး။ ကိုယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး မဟုတ်တမ်းတရား မဟုတ်ဘဲ ပြောသင့်ပြောထိုက်တာမျိုးတွေကို ပြောရဲနေရင် သင့်ကို ပိုပြီး လူဝင်ဆံ့စေပါတယ်။ ဒီအတွက် ငယ်ငယ်တည်းက ပြောရဲဆိုရဲ ရှိအောင် လုပ်ပေးထားတာ အကောင်းဆုံးပါပဲ။

ပညာကို မြတ်နိုးတတ်တဲ့ အကျင့်
ပညာရှိတယ်ဆိုတာ တကယ့်ကို ကောင်းတဲ့အချက်ပါပဲ။ ပညာတတ်တဲ့သူတွေမှာ အပြုအမူကောင်းတွေ၊ စိတ်ထားကောင်းတွေနဲ့ ပညာနဲ့ ချင့်ချိန် တွေးနိုင်မှု ရှိနေတာကြောင့် ဘဝရဲ့ ပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။ ပညာကို မြတ်နိုးတတ်မှ ပညာရှိတဲ့သူတစ်ယောက် ဖြစ်လာမှာမို့ ငယ်ငယ်တည်းက ဒီအကျင့်ကို ပျိုးထောင်ပေးဖို့လည်း လိုအပ်ပါတယ်။
Kham