မိန်းကလေးတွေကတော့ သဘာဝအရ နူးညံ့တဲ့သူတွေ ဖြစ်သလို ကောင်လေးတွေလို ခံစားချက်တွေကို ထိန်းသိမ်းနိုင်စွမ်းလည်း မရှိကြတတ်ပါဘူး။ ဒါပေမယ့် စိတ်မာတဲ့ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။ စိတ်နုတဲ့ မိန်းကလေးတွေ လွယ်လွယ် မရတတ်တဲ့ ဒီအချက်တွေကို စိတ်မာတဲ့ မိန်းကလေးတွေက ရနေပါတယ်။
နာကျင်ချိန် နည်းတယ်
လောကမှာ ကိုယ် မမျှော်လင့်ထားမိချိန်မှာ ဖြစ်သွားတဲ့ ဝမ်းနည်းစရာ၊ နာကျင်စရာ ကိစ္စတွေ ရှိနေပါတယ်။ အဲ့အချိန်မှာ စိတ်နုတဲ့သူတွေကတော့ မျှော်လင့်ချက်တွေ ပြိုကျသွားသလို ခံစားချက်နဲ့ အချိန်အတော်ကြာ အခြေအနေမှန်ကို လက်မခံနိုင်သလို ဖြစ်ကြပါတယ်။ စိတ်မာတဲ့သူတွေကတော့ အရှိတရားကို လက်ခံတတ်ပြီး ဝမ်းနည်းလာတဲ့အချိန် ဝမ်းနည်းလိုက်တာကြောင့် နာကျင်မှုတွေကို အချိန်တိုတိုပဲ ခံစားရလေ့ ရှိပါတယ်။

ကိုယ့်ကိုယ်ကို ပိုယုံကြည်တယ်
စိတ်နုတဲ့ မိန်းကလေးတွေက တွေးကြောက်ပြီး ကိုယ့်ကိုယ်တောင် မယုံကြည်တာမျိုး ရှိနေတတ်ပါတယ်။ စိတ်မာတဲ့သူတွေကတော့ ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းကို သေချာသိပြီး ဘယ်အတိုင်းအတာအထိ လုပ်နိုင်တယ်ဆိုတာကိုပါ သိကြပါတယ်။ ဒါကြောင့် သူတို့က အလုပ်တွေကိုလည်း စနစ်တကျနဲ့ တည်ငြိမ်စွာ လုပ်ကိုင်တတ်ကြပါတယ်။

ယုံကြည်မှုလည်း ရတယ်
စိတ်မာတဲ့ မိန်းကလေးတွေက အခက်အခဲ ကြုံရင်တောင် အမြဲ အကောင်းဆုံး ဖြေရှင်းတတ်ကြပါတယ်။ သူ့ကို တခြားသူတွေက စိတ်မပူရင်တောင်မှ သူတို့က တစ်ယောက်တည်း ကောင်းကောင်း ရင်ဆိုင်ရကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ယုံကြည်စိတ်ချမှုကို ရသူတွေလည်း ဖြစ်ပါတယ်။

ပိုစိတ်ချမ်းသာရတယ်
စိတ်နုတဲ့သူတွေက စိတ်မာတဲ့သူတွေက ပိုပြီး စိတ်ချမ်းသာရပါတယ်။ သူတို့က နားလည်ပေးနိုင်စွမ်းလည်း ကြီးပြီး ရင့်ကျက်တာကြောင့် ခံစားချက်တွေကို ထိန်းညှိတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဖြစ်ဖြစ် လိုက်ခံစားနေသူတွေထက် ပိုပြီး ပျော်ရွှင်ရတာ ဖြစ်ပါတယ်။

ဖြစ်အောင် လုပ်နိုင်တယ်
စိတ်မာတဲ့သူတွေက ဆုံးဖြတ်ချက်လည်း ခိုင်မာကြပါတယ်။ ကတိကိုလည်း တန်ဖိုးထားပြီး ကိုယ့်အရည်အချင်းကိုလည်း တန်ဖိုးထားကြပါတယ်။ သူက ဒါ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ မဖြစ်ဖြစ်အောင် လုပ်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝီရိယလည်း ရှိကြပြီး ဘဝမှာ အောင်မြင်တတ်ကြပါတယ်။
Kham