တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူ့ကိုပဲ လက်ထပ်ဖို့ ရည်ရွယ်မိတယ်၊ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်မိရုံနဲ့ မလုံလောက်ပါဘူး။ လူတစ်ကိုယ် စိတ်တစ်မျိုးလို့ ဆိုကြသလို သူစိမ်းနှစ်ယောက် အိမ်ထဲမှာ အတူနေဖို့ဆိုတာ လွယ်ကူမနေပါဘူး။ ဒါကြောင့် သူနဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားမိရင် ဒီအချက်တွေတော့ သိထားဖို့ လိုပါလိမ့်မယ်။
(၁) အကျင့်
သူနဲ့ကိုယ် အကျင့်တွေ တူမတူကို လေ့လာပါ။ ဥပမာ- ကိုယ်က သောက်ရေခွက် တစ်ခွက်ကို နှစ်ယောက် မသောက်တတ်တာမျိုး၊ အိပ်တဲ့အခါ ဟောက်တာမျိုးကို မကြိုက်တာမျိုး စတာတွေကို လေ့လာထားသင့်ပါတယ်။ မတူခဲ့ရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ သူမကြိုက်တာ ကိုယ်မကြိုက်တာ မလုပ်ကြဖို့ ညှိနှိုင်းထားခြင်းဖြင့် အဆင်ပြေသွားနိုင်ပါတယ်။ ဘယ်လိုမှ ပြောင်းလဲလို့ မရဘူးဆိုရင်တော့ သင်တို့ အဆင်ပြေပါ့မလား တွေးကြည့်သင့်ပါတယ်။

(၂) အကြိုက်
အကြိုက်မတူတာက ကိစ္စ မရှိပါဘူး။ ဒါပေမယ့် သူ့အကြိုက်လေးတွေကို မှတ်ထားပြီး သူ့ကို ပျော်အောင် ဖန်တီးပေးခြင်းဖြင့် သင်တို့ နှစ်ယောက်ဆက်ဆံရေး ပိုအဆင်ပြေနိုင်ပါတယ်။ အချစ်တွေ ပိုပိုတိုးစေမယ့် အချက်လည်း ဖြစ်ပါတယ်။
(၃) အချိန်ပေးနိုင်ဖို့
အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ ဖြစ်နေတတ်ပါတယ်။ သမီးရည်းစားတုန်းကလို တီတီတာတာပြောတဲ့အချိန်လည်း နည်းကောင်းနည်းသွားနိုင်သလို သူ့အချိန်နဲ့သူ ကိုယ့်အချိန်နဲ့ကိုယ် ဖြစ်နေတတ်ကြပါတယ်။ အဲ့လို ဖြစ်တာက နှစ်တွေ ကြာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်မှာ မကျေနပ်မှုတွေ ဖြစ်သွားနိုင်လို့ လက်မထပ်ခင်မှာ သူရော ကိုယ်ရော လက်ထပ်ပြီးတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးဖို့ ဆွေးနွေးထားကြည့်ပါ။

(၄) ပါရမီ ဖြည့်ဖက်ကောင်း ဟုတ် မဟုတ်
လူတိုင်းမှာ ချစ်ခြင်းမေတ္တာ မိသားစုအပြင် သူဖြစ်ချင်တဲ့ အရာတွေ သူရူးသွပ်ရတဲ့ အလုပ်တွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ပါရမီဖြည့်ဖို့ဆိုတာ အကြိုက်မတူပဲ မေတ္တာမထားနိုင်ပဲ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ တစ်ဖက်တည်းကပဲ ပါရမီဖြည့်တာကလည်း တကယ်က ရှေရှည်မှာ အဲ့တစ်ယောက်အပေါ် ဝန်ပိလာနိုင်ပြီး စိတ်ဖိစီးမှုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် အမှန်တကယ် ပါရမီ ဖြည့်နိုင်မှသာ အိမ်ထောင်ရေးသာယာနိုင်မှာပါ။
(၅) မကောင်းတဲ့အချက်တွေ
လူတိုင်းမှာ မကောင်းတဲ့အချက်လေးတွေ ရှိပါတယ်။ သည်းမခံနိုင်လောက်တဲ့ မကောင်းတဲ့အချက်လား၊ သည်းခံပေးနိုင်တဲ့ အချက်လားဆိုတာ သိထားဖို့ လိုပါတယ်။ နောက်ပြီး အဲ့သည့်မကောင်းတဲ့အချက်ကို ကိုယ်ချစ်တဲ့သူအတွက် ပြင်ပေးနိုင်မလားဆိုတာလည်း လိုအပ်ပါသေးတယ်။ မပြင်ပေးနိုင်ရင်တောင် သူရဲ့ ဆိုးတဲ့အချက် (ဥပမာ-အစအနောက်အရမ်းသန်လွန်းတာ)ကို ကိုယ်က သည်းခံနိုင်တယ်ဆိုရင် သင်တို့ အဆင်ပြေနိုင်ပါတယ်။ အဲ့လိုမဟုတ်ပဲ သူ့မှာ သင်မကြိုက်တဲ့အချက်ရှိတယ်၊ သူကလည် မပြင်နိုင်ဘူး သင်ကလည်း သည်းမခံနိုင်ဘူးဆိုရင်တော့ သင်တို့ လက်မထပ်ပဲနေတာက ပိုပျော်ရွှင်ရမှာပါ။

ဒါတွေက အခြေခံသိရမယ့် အချက်တွေ ဖြစ်လို့ ဒီထက်ပိုတဲ့ အချက်တွေလည်း ကျန်သေးတယ်နော်။
ချစ်သူတိုင်း ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေနော်……
Written by Kham