အလုပ်အင်တာဗျူး သွားဖြေတဲ့အခါမှာ ကိုယ့်ကိုယ် တစ်ဘက်လူက စိတ်ဝင်စားလာအောင်၊ အလုပ်ခန့်ချင်လာအောင်လို့ စကားပြောတတ်ဖို့ကလည်း တကယ့်ကို အရေးကြီးပါတယ်။ တစ်ချို့အရာတွေက အလုပ်အင်တာဗျူးမှာ သတိထား စဉ်းစားပြီးမှ ထုတ်ဖော်ပြောဆိုသင့်တဲ့ အရာတွေဖြစ်ပြီး ဒါတွေက သင့်ကို အင်တာဗျူးကျရခြင်း အကြောင်းအရင်းတွေ ဖြစ်သွားနိုင်ပါတယ်။
အသက်

အလုပ်ရှင်က သင့်ရဲ့ အလုပ်လျှောက်လွှာကို ကြည့်ရုံနဲ့ သင်အသက်ဘယ်လောက်ရှိပြီဆိုတာကို ခန့်မှန်း သိရှိနိုင်ပါတယ်။ ဒါကြောင့် အလုပ်အင်တာဗျူးသွားဖြေအခါ ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အချိန်မှာ ကိုယ့်ရဲ့အသက်ကို ထည့်ပြောနေစရာ မလိုပါဘူးနော်။ ဒီလို အသက်ကို ပြောလိုက်မိတဲ့အခါ အသက်အရမ်း ငယ်လွန်းတယ် သို့ အသက်အရမ်းကြီးနေပြီလို့ တစ်ဘက်က ထင်သွားခဲ့ရင် အလုပ်ရဖို့ ခက်ခဲသွားစေမှာ ဖြစ်လို့ပါ။
ကိုးကွယ်သည့်ဘာသာ

နောက်ထပ် တစ်ချက်က ကိုယ်ဟာ ဘယ်ဘာသာကို ကိုးကွယ်တဲ့သူပဲဖြစ်နေပါစေ ကိုယ့်ရဲ့ ကိုးကွယ်တဲ့ဘာသာကို ပြောနေစရာ မလိုပါဘူး။ အလုပ်နဲ့ ကိုးကွယ်တဲ့ဘာသာတွေက ဘာမှကိုမဆိုင်တဲ့အတွက် ဒါတွေက ရေးကြီးခွင်ကျယ် လုပ်ပြောနေစရာကို မလိုတာပါ။ လူတိုင်းက လွတ်လပ်စွာ ကိုယ်ကြိုက်တဲ့ဘာသာကို ကိုးကွယ်ခွင့်ရှိပါတယ်။ အလကား ဒါတွေကို လျှောက်ပြောမိမှ ကိုယ်ဟာ ဘာသာခွဲခြားသူ တစ်ယောက်လို့ ထင်သွားစေနိုင်ပါတယ်။
အရင်က သူဌေးအကြောင်း

အင်တာဗျူးမှာ အရင်အလုပ်က သူဌေးရဲ့ ကောင်ခြင်း၊ ဆိုးခြင်း ဘာဆိုဘာမှ မပြောတာ အကောင်းဆုံးပါပဲ။ တစ်ချို့လူတွေလုပ်တတ်တဲ့ အမှားက အရင်သူဌေး မကောင်းတဲ့အတွက် အဲဒီ့အလုပ်ကနေ ထွက်လာမိတာ စသဖြင့် ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်က ကိုယ့်ကိုယ် အလုပ်ခန့်မယ့် သူဌေးရဲ့အမြင်မှာ ကိုယ်ဟာ အဆိုးမြင်တတ်တဲ့ သူတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။
သင့်ရဲ့ နာကျင်စရာကောင်းတဲ့ ဇာတ်လမ်း

လူတိုင်းက ပြည့်စုံနေကြတာ မဟုတ်လို့ လူတိုင်းမှာ ခက်ခဲမှုတွေ၊ ဝမ်းနည်းနာကျင်မှုတွေတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် အင်တာဗျူးမှာတော့ ကိုယ့်ကိုယ် သနားသဖြင့် အလုပ်ခန့်ချင်လာအောင် ဒရာမာတွေခင်းပြနေစရာ မလိုပါဘူးနော်။ ဘယ်သူကမှ သင့်ရဲ့ စိတ်ဆင်းရဲစရာကောင်းတဲ့ ဇာတ်လမ်းမျိုးကို နားမထောင်ချင်တတ်ကြပါဘူး။ ဒီအချက်ကလည်း သင့်ကို အလုပ်မရအောင် လုပ်သလို ဖြစ်သွားစေနိုင်ပါတယ်။
Khin