ဘာမှမလုပ်ပဲ စိတ်ပင်ပန်းနေတာမျိုး၊ အလိုလို ဝမ်းနည်းနေတာမျိုးတွေ ကြုံဖူးကြမှာပါနော်။ ဘာကိစ္စမှ ထွေထွေထူးထူးမရှိပဲ မပျော်တာမျိုးတွေပေါ့။ အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းလေးတွေ ပြောပြရမယ်ဆိုရင်တော့…
- အရမ်းအမြင့်မှန်းမိနေလို့ပါ
အခုခေတ် ကိုးရီးယားကားတွေ၊ တရုတ်ကားတွေထဲက မင်းသားလေးတွေနဲ့သူတို့ရဲ့ ချစ်ပုံချစ်နည်းတွေကို ကြည့်ပြီး စိတ်ကူးယဉ်တက်ကြပါတယ်။ စိတ်ကူးယဉ်တဲ့ အဆင့်လောက်ထိက အကောင်းပါပဲ။ စိတ်ကူးအယဉ်လွန်ပြီး အဲ့လိုပုံစံမျိုးနဲ့ပဲတွဲချင်တယ်၊ အဲ့လိုအချစ်ဇာတ်လမ်းပဲ လိုချင်တယ် ဖြစ်လာရင်တော့ အဆင်မပြေတော့ပါဘူး။ ဘဝက ရုပ်ရှင်တော့ မဟုတ်ဘူးလေနော်။ ကိုယ့်လာကြိုက်တဲ့သူတွေကို စိတ်တိုင်းမကျရာကနေ အလိုလိုနေရင်း အလိုမကျတွေ ဖြစ်လာတက်ပါတယ်။

- သူများနဲ့ကိုယ့်ဟာကိုယ်နှိုင်းယှဉ်နေလို့
လူတိုင်းက သူ့အချိန်နဲ့သူ ရှိပြီးသားပါ။ အခုချိန်မှာ မဖြစ်သေးတိုင်း လုံးဝမဖြစ်လာတော့မှာမျိုး မဟုတ်ပါဘူး။ သူများတွေတော့ ဒီအရွယ်မှာ ဒါဖြစ်ပြီး ငါကြမဖြစ်သေးဘူးဆိုတာမျိုး တွေးခြင်းကလဲ ကိုယ့်စိတ်ကိုယ်ဒုက္ခပေးတာနဲ့ အတူတူပါ။ စိတ်ရှည်ရှည်နဲ့စောင့်နေပါ။ ကိုယ့်အချိန်ဆိုတာ ရောက်လာမှာပါနော်။
- အရာရာကို အဆိုးမြင်တက်လို့
လောကကြီးမှာ အကောင်းအဆိုး ဒွန်တွဲနေတာပါ။ အကောင်းအဆိုးရောနေတဲ့ လောကကြီးကို မကျေနပ်ပဲ အမြဲ အဆိုးတွေပဲ မြင်နေရင်တော့ အဆင်မပြေဘူးနော်။ အရာရာတိုင်းကို အဆိုးတွေပဲ မြင်နေမယ့်အစား အကောင်းမြင်ကြည့်ပေးပါ။ နေရထိုင်ရတာ ပိုအဆင်ပြေလာမယ်နော်။

- ကိုယ့်ဟာကိုယ် မချစ်တက်လို့
သူများတွေကိုသာ ချစ်တက်၊ ဂရုစိုက်တက်ပြီး ကိုယ့်ဟာကိုယ်ကြ ပြီးပြီးရော နေတာလဲ မကောင်းဘူးနော်။ ” ငါ့ကျသူများတွေကို လုပ်ပေးတယ်၊ ငါ့ကိုကျ မလုပ်ပေးဘူး “ဆိုပြီး အတွေးတွေ ဝင်လာရင် စိတ်ဆင်းရဲရမှာ ကိုယ်တိုင်ပါပဲ။ သူများဆီက အချစ်တွေ ဂရုစိုက်မှုတွေ လိုချင်နေမယ့်အစား ကိုယ့်ဟာကိုယ်အချိန်ပေးပြီး ဂရုစိုက်လိုက်ပါနော်။

- အတိတ်ထဲက မရုန်းထွက်နိုင်သေးလို့
လူတိုင်းမှာ အတိတ်ကိုယ်စီ ရှိကြပါတယ်။ အတိတ်ကို ပစ်ထားနိုင်ခဲ့မှ လက်ရှိနဲ့အနာဂတ်မှာ ပျော်ရွင်နိုင်မှာပါ။ အတိတ်ထဲမှာပဲ နစ်မွန်းနေဦးမယ်ဆိုရင်တော့ ဘယ်လိုမှ ပျော်ရွင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ပျော်ရင်လဲ ခဏပဲဖြစ်ပြီး ပြန်စဉ်းစားမိရင် ပြန်ပြီးစိတ်ညစ်လာဦးမှာမို့ မြန်မြန်ရုန်းထွက်တော့နော်။
TPS