သူငယ်ချင်းဆိုတဲ့ စကားလေးကို ကြားရုံနဲ့ နွေးထွေးမှု၊ ပျော်ရွှင်ခြင်းတွေနဲ့ အမှတ်တရတွေကို ခံစားမိစေပါတယ်နော်။ လူတိုင်းမှာ ကိုယ်နဲ့အနီးဆုံး သူငယ်ချင်းကောင်းတွေဆိုတာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဒီလို သင့်ဆီမှာ စိတ်တူကိုယ်တူ သူငယ်ချင်းလေးတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ ဒီအချက်လေးတွေက သိနိုင်ပါတယ်နော်။
မိသားစုထက်တောင် သူတို့နဲ့ အချိန်ကုန်ဖြစ်တာ များနေတတ်တယ်

ကိုယ်နဲ့ စိတ်ကူကိုယ်တူ သူငယ်ချင်းတွေဆိုတာ သူများတွေ အမြင်ကပ်လောက်အောင် တပူးပူးတတွဲတွဲ အမြဲရှိနေတတ်ကြပြီး မိသားစုနဲ့ ဆုံတဲ့အချိန်ထက် သူတို့နဲ့ တွေ့တဲ့အချိန်တွေက ပိုများနေတတ်ပါတယ်။ သူတို့တွေက သူငယ်ချင်းထက်ပိုတဲ့ သူတွေဖြစ်သလို မိသားစုတစ်ယောက်လိုလည်း ခင်မင်ယုံကြည်ရတဲ့ သူတွေပါ။ အမြဲတမ်း တွေ့နေရတာတောင် တွေ့ပြီးရင်း တွေ့ချင်နေတတ်ကြပြီး ပြောစရာစကားတွေလည်း မကုန်နိုင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်နော်။
ကိုယ်ပြောချင်တာကို ထုတ်ပြောစရာမလိုပဲ နားလည်နိုင်တယ်

ကိုယ့်ရဲ့မျက်နှာကိုကြည့်ရုံနဲ့ ကိုယ်စိတ်ညစ်နေလား၊ ပျော်နေလားဆိုတာကို ဖတ်တတ်တဲ့သူတွေပါ။ နောက်ပြီး ကိုယ်တွေးလိုက်တဲ့ အတွေးတွေကလည်း သူတို့နဲ့ ထပ်တူကျနေတတ်သလို ဘာစကားမှ ပြောစရာမလိုပဲ မျက်နှာရိပ်ကြည့်ရုံနဲ့ အထာနပ်ကြတဲ့ သူတွေပါ။
မခေါ်မပြောပဲ မနေနိုင်ကြဘူး

တစ်ခါတစ်လေ စိတ်ဆိုးစိတ်ကောက်ပြီး မခေါ်မပြောကြတဲ့ အချိန်တွေရှိပေမယ့် အချိန်အကြာကြီး မနေနိုင်ကြပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ခေါ်ဖို့ကြိုးစားတတ်သလို၊ ဘာမှမဖြစ်သလို ပုံစံကြီးနဲ့ ပြန်လာခေါ်တတ်ကြတာမို့ စိတ်ဆိုးစိတ်ကောက်လို့ မရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။
အဆိုးဝါးဆုံး အချိန်တွေမှာ ဘေးမှာရှိနေပေးတတ်တယ်

ကိုယ့်ရဲ့ အခက်အခဲဆုံး အချိန်တွေမှာတောင် ဘေးနားရှိနေပေးတတ်တဲ့ သူတွေကတော့ ကိုယ့်ဘဝအတွက် တကယ့်ကို သူငယ်ချင်းကောင်းလေးတွေပါပဲ။ တစ်ခြားအချိန်တွေမှာသာ စလိုက်နောက်လိုက်လုပ်တတ်ပေမယ့် တကယ်အရေးကြုံလာရင်တော့ ကိုယ့်ပြသနာ၊ သူ့ပြသနာလို့မတွေးပဲ သူတို့လေးတွေ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတတ်ကြပါတယ်နော်။ ဒါက ကိုယ့်ဆီမှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကို ဖော်ပြနေတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
Khin