အမေတွေဆိုတာ အမြဲ သူ့အတွက် သူ မေ့နေတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ အမေတွေက သားသမီးတွေအတွက် အဓိကထားပြီး တွေးနေတတ်သလို သူတို့ရဲ့ တစ်နေ့တာတွေက မိသားစုအတွက် ဖြစ်နေပါတယ်။ အမေ အများစုကတော့ တူညီနေလေ့ ရှိပြီး သူတို့ရဲ့ အရည်အချင်းတွေကတော့ အံ့မခန်းပါပဲ။ သူတို့တွေမှာတော့ လူတွေ သတိမထားမိပေတဲ့ အခုလို အရည်အချင်းတွေ ရှိနေပါတယ်။
အိမ်မှုကိစ္စ ထိန်းသိမ်းနိုင်တယ်
အိမ်ကို ထိန်းသိမ်းရတယ်ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ သန့်ရှင်းရေးအပြင် အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်း၊ ဟင်း ချက်ပြုတ်နေရတာကို နေ့တိုင်း ပြုလုပ်တယ်ဆိုတာ လွယ်လွန်းတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အမေတွေကတော့ နေ့တိုင်း ပင်ပန်းနေရင်တောင်မှ အိမ်အတွက် ပြုလုပ်ပေးပြီး အိမ်ကို သန့်ရှင်းနေအောင် အမြင် မရှုပ်အောင် ထိန်းသိမ်ထားတတ်ကြသူတွေ ဖြစ်ပါတယ်။

ငွေကြေးခန့်ခွဲသူ
လူတိုင်းက နေစရိတ်၊ စားစရိတ်တွေကို မျှတအောင် သုံးစွဲနေရတာပါ။ စားစရိတ်ကတော့ ပိုပြီးတောင် စီမံရခက်တဲ့သဘောမှာ ရှိနေတတ်ပါသေးတယ်။ အမေတွေကတော့ အဆင်ပြေပြေ မပြေပြေ မိသားစု ထမင်းဝိုင်း အဆင်ပြေအောင် ကြံဖန်ပြီး ချွေတာ ချက်ပြုတ်တတ်ကြပါသေးတယ်။ ငွေကြေးကို အမြဲ စီမံနေရတဲ့ သူတွေလည်း ဖြစ်နေလို့ အလုပ်တာဝန် တစ်ခုလိုပါပဲနော်။
ဂရုစိုက်တတ်တယ်
အိမ်မှာ ဘယ်သူ ဘာဖြစ်တယ်ဆိုတာကို အမေတွေကပဲ သတိထားမိတတ်ကြတာပါ။ အိမ်မှာ အတူတူနေတဲ့ သူအားလုံးကို ဂရုစိုက်တတ်ပြီး ဘယ်သူက ဘာကြိုက်တတ်တယ်ဆိုတာကို မှတ်ထားနိုင်ကြပါတယ်။ ဒါ့အပြင် နေမကောင်းရင်လည်း သူတို့ပဲ ပြုစုကြတာပါ။ ဒီလိုနဲ့ အမေတွေက အိမ်တွင်းသူနာပြုလည်း ဖြစ်နေပါသေးတယ်။

သည်းခံနိုင်စွမ်း အပြည့် ရှိတယ်
မိခင်တွေလောက် သည်းခံနိုင်တဲ့သူဆိုတာ မရှိပါဘူး။ အမေတွေက ပင်ပန်းနေလည်း ဝမ်းနည်းမပြတတ်သလို စားချင်တာတွေ ဝတ်ချင်တာတွေကိုလည်း မျိုသိပ်ထားနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့ သည်းခံထားနိုင်မှုကတော့ တကယ့်ကို ရှာမှရှားပါပဲနော်။
မေတ္တာရှင်
သူတို့တွေရဲ့ မေတ္တာထားနိုင်စွမ်းက ကြီးမားလွန်းပါတယ်။ ဒါပေမယ့် ချစ်တဲ့ မျက်စိ မရှိရင် ဒီမျက်စိတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေကတော့ သားသမီးတွေအတွက် တွေးပေးတဲ့သူ၊ ပင်ပန်းနေရင်တောင် စိတ်တိုနေရင်တောင် မဖြစ်မနေ အိမ်ရဲ့ ဝေယျာဝစ္စတွေကို ဖြည့်ဆည်းပေးတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မေတ္တာတရားကို ကြည့်ချင်ရင်တော့ မိသားစုနဲ့ ကိုယ့်ကိုယ်ကို ဘယ်အတွက် ပိုဦးစားပေးလေ့ ရှိလဲဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။
Kham