လူတော်တော်များများက ကိုယ်ရွေးချယ်ထားတဲ့ အလုပ်အကိုင်ကို စိတ်ကျေနပ်မှု မရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်က ထပ်တူမကျကြလို့ပါ။ ဒီတော့ ကိုယ့်အတွက် မှန်ကန်တဲ့ အလုပ်အကိုင်ကို ရွေးချယ်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒါတွေက သင့်ကို မှန်ကန်တဲ့ အလုပ်ကို ရွေးချယ်နိုင်ဖို့ ကူညီမှာ ဖြစ်ပါတယ်။
ကိုယ်ဘယ်လို အလုပ်အကိုင်မျိုးကို လုပ်ချင်လဲ အရင် စဉ်းစားပါ

အရင်ဆုံး ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်၊ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတိုင်းမှာ ဝါသနာကိုယ်စီရှိပြီး ဝါသနာနဲ့ အလုပ် ထပ်တူကျဖို့ကို လိုချင်တတ်ကြတာဟာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ ဒီတော့ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ ခဏထားပြီး အရင်ဆုံး ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်တွေကို စာအုပ်မှာ ချရေးထားပါ။
ကိုယ့်အတွက် ဖြစ်နိုင်တဲ့ အလုပ်တွေကို စဉ်းစားပါ

ကိုယ်ချရေးထားတဲ့ အလုပ်တွေ၊ ကိုယ်ဝါသနာပါရာ ဦးစားပေး အလုပ်တွေထဲက ကိုယ့်အတွက် ဖြစ်နိုင်မယ် ထင်တဲ့အလုပ်တွေကို စဉ်းစားဖို့ လိုပါတယ်။ ဆိုလိုချင်တာက ကိုယ်နဲ့ အရမ်းကို အလှမ်းကွာဝေးတဲ့ အလုပ်အကိုင်တွေကို လောလောဆယ်မှာ လုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ကိုယ့်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို စဉ်းစားပါ။
ကိုယ့် အရည်အချင်းနဲ့ အဆင်ပြေတဲ့ အလုပ်တွေကို လျှောက်ပါ

အလုပ်လျှောက်တဲ့အခါ တစ်ခုမကတဲ့ အလုပ်တွေကို လျှောက်ဖို့ အကြံပေးချင်ပါတယ်။ အလုပ်များများလျှောက်လေ သင့်အတွက် ရွေးချယ်ဖို့ အခွင့်အလမ်း ပိုများလေးပါပဲ။ နောက်ပြီး အလုပ်လျှောက်တဲ့အခါ ကိုယ့်အရည်အချင်းနဲ့ အများကြီး ကွာနေတဲ့ အလုပ်မျိုးက သင့်အလုပ်ခေါ်စာကို အဖက်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို လျှောက်ဖို့တော့ လိုအပ်ပါတယ်။
ဝါသနာနဲ့ မကိုက်ညီရင်တောင် အဆင်ပြေရင် ဝင်လုပ်ပါ

တကယ်လို့ ဝါသနာဆိုတာကို ရှေ့တန်းတင်ထားလို့ မရပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာတွေအတွက် ဖြစ်သင့်တာတွေကို အရင်ဦးစားပေးသင့်ရင် ပေးတတ်ရပါမယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်ညီရင်တောင် ကိုယ့်အတွက် အဆင်ပြေနေတဲ့ အလုပ်ဆို ဝင်လုပ်ကြည့်သင့်ပါတယ်။ ဒါမှ လုပ်ငန်းခွင် အတွေ့အကြုံတွေ သင်ယူနိုင်ပြီး ဝင်ငွေရှိလာတဲ့အခါ ကိုယ်ဝါသနာပါရာ အလုပ်ကို လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Khin