တစ်နေ့မှာ ကြုံရမယ့် မင်္ဂလာပွဲအတွက် ကြိုတင် စိတ်ကူးယဉ်နေတတ်တဲ့သူတွေ ရှိသလို လက်မထပ်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ အိမ်ထောင်ပြုပြီး မိသားစုဖန်တီးဖို့အတွက် ပျော်ရွှင်နေတတ်ကြသူတွေ ရှိပေမယ့် ဒီအတွက်ကို စိုးရိမ်ထိတ်လန့်နေတတ်ကြသူတွေလည်း ရှိပါတယ်။ သူတို့မှာ တစ်ခြားသူတွေမှာ မရှိတတ်တဲ့ အခုလို အကြောင်းအရင်းတွေ ရှိနေတတ်တာကြောင့် အခုလို လက်ထပ်ရတာကို ကြောက်တာ ဖြစ်ပါတယ်။
(၁) အိမ်ထောင် ပြိုကွဲခြင်း
သူတို့ကတော့ တစ်သက်မှာ တစ်ခါသာ အိမ်ထောင်ပြုပြီး ပျော်ရွှင်စွာနေလိုသူတွေ ဖြစ်ပါတယ်။ ဒီလို အိမ်ထောင်ရေးကို အရမ်း တန်ဖိုးထားပြီး လိုချင်တာကြောင့် အိမ်ထောင်ရေး ပြိုကွဲမှာကို စိုးရိမ်တတ်ကြပါတယ်။ အိမ်ထောင်ရေး ပြိုကွဲလို့ မိသားစု ထပ်မရှိနိုင်တော့တာမျိုး ဖြစ်နိုင်သလားဆိုတဲ့ အထိ တွေးပြီး အိမ်ထောင်မပြုခင်တည်းက စိုးရိမ်စိတ်များတတ်တာကြောင့်လည်း ဖြစ်ပါတယ်။

(၂) သားသမီးတွေကို စိုးရိမ်ခြင်း
အိမ်ထောင်ပြုလို့ သားသမီးတွေ ရှိလာခဲ့ရင် မိသားစုကြောင့် စိတ်ဒဏ်ရာ ရသွားမှာကို သူတို့က ကြိုတင် စိုးရိမ်တတ်ကြပါတယ်။ အိမ်ထောင်ရေး ပြဿနာကြောင့် ဖြစ်စေ၊ ကွာရှင်းဖြစ်လို့ပဲ ဖြစ်စေ သားသမီးတွေ စိတ်ဆင်းရဲပြီး စိတ်ဒဏ်ရာ ရသွားမှာကို မဖြစ်စေချင်ဆုံးမို့ အိမ်ထောင်ပြုရမှာကို ကြောက်တတ်ကြပါတယ်။ ဒီလို အခြေအနေတွေကို ကြုံလာမှာကို ကြောက်တဲ့စိတ်ကြောင့် လက်ထပ်ခြင်းကိုပါ ကြောက်သွားခြင်း ဖြစ်ပါတယ်။
(၃) စိတ်ဒဏ်ရာ
ငယ်ငယ်က ဖြစ်တဲ့ စိတ်အနာတွေက အမြဲ စိတ်ထဲ စွဲသွားစေတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတဲ့ မိသားစု၊ ကွာရှင်းထားတဲ့ မိသားစုတွေကနေ မွေးဖွားလာတဲ့ သားသမီးအများစုကတော့ ဒီလိုမျိုး အိမ်ထောင်ရေးကို မယုံကြည်တဲ့ စိတ်ဒဏ်ရာတွေ ရှိနေတတ်ကြပါတယ်။ ဒါကြောင့်လည်း လက်ထပ်ဖို့ ကြောက်ရွံ့တတ်ကြခြင်း ဖြစ်ပါတယ်။

(၄) လိင်ကိစ္စကို ကြောက်ရွံ့မှု
လူတိုင်းကတော့ အိမ်ထောင်ပြုရင် လိင်ကိစ္စနဲ့ မကင်းကွာနိုင်ကြပါဘူး။ ဒါပေမယ့်လည်း တစ်ချို့သောသူတွေမှာတော့ ဒီလို ကိစ္စရပ်တွေကို ကြောက်ရွံ့တတ်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒီလိုမျိုး မဖြည့်ဆည်းပေးနိုင်တာကြောင့် စွန့်ဖယ်မှာကို ကြောက်တတ်တဲ့ သူတွေကတော့ အိမ်ထောင်ပြုဖို့ကို ကြောက်ရွံ့တတ်ကြပါတယ်။
(၅) လက်ထပ်ခြင်းကို မယုံကြည်ခြင်း
ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့ အိမ်ထောင်ရေး အများစုကို မြင်လာရတဲ့ သူအများစုကတော့ အိမ်ထောင်ရေးကို ဝေးဝေးကပဲ ရှောင်ကြဉ်တတ်ကြပါတယ်။ အိမ်ထောင်ပြုတဲ့အခါမှာ ကြုံလာရမယ့် အခက်အခဲတွေကို ကောင်းလား ဆိုးမလားဆိုတာကို အာမ မခံနိုင်တဲ့အတွက် လက်ထပ်ဖို့ကို အယုံအကြည်မရှိဘဲ ငြင်းဆိုတတ်ကြပါတယ်။
လက်ထပ်ရမှာ ကြောက်နေတာကို လူမှုပတ်ဝန်းကျင်က တစ်မျိုးမြင်မှာကို စိုးပြီး ဝန်မခံရဲတဲ့သူတွေလည်း ရှိနေပါသေးတယ်။
Kham