လူတိုင်းကတော့ ကိုယ်ချစ်ရတဲ့သူနဲ့ တချိန်မှာ ပေါင်းဖက်ရဖို့အတွက် အိမ်မက်တွေရှိကြမှာ အမှန်ပါ။ မချစ်မနှစ်သက်တဲ့သူနဲ့ အတူတူရှိနေရတာက ကံဆိုးရတာဖြစ်သလိုပဲ ချစ်ရတဲ့သူနဲ့ ပေါင်းဖက်ရတာကလဲ ကံကောင်းမှုတစ်ခုပါပဲ။ ဘဝမှာပျော်ရွှင်မှုတွေရဖို့ ကိုယ်ချစ်တဲ့သူနဲ့သာ လက်ထပ်ဖို့ သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကတော့ ရှိလို့ နေပါတယ်။
စိတ်ချမ်းသာမှု
ပိုက်ဆံချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ် ဆိုသလိုပဲ ကိုယ့်ရဲ့စိတ်ချမ်းသာမှုက ကိုယ်ချစ်တဲ့သူနဲ့ အတူတူရှိနေမှသာရနိုင်တာပါ။ ကိုယ့်ရဲ့ ဝမ်းနည်းမှု စိတ်အားငယ်မှု ပျော်ရွှင်ကြည်နူးမှု စတဲ့စိတ်ခံစားချက်တွေကို မျှဝေခံစားပေးမယ့် ချစ်ရတဲ့သူရှိနေမှသာ ကိုယ့်ရဲ့ဘဝကအဓိပ္ပာယ်ရှိရှိနဲ့ ပြည့်စုံနေမှာပါ။ ဒါကြောင့်မို့ ချစ်ရတဲ့သူနဲ့သာ ပျော်ရတဲ့ဘဝကိုပိုင်ဆိုင်ဖို့ လက်ထပ်သင့်ပါတယ်။

ရင်ဆိုင်ရဲတဲ့သတ္တိ
ကြုံလာတဲ့ လောကဓံ အကြောင်းတရား ဒုက္ခ သုခ မှန်သမျှကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့အတွက်က ချစ်ရတဲ့သူနဲ့မှသာ ဖြစ်နိုင်တာပါ။ တစ်ဦးတည်းရပ်တည်ဖို့ အခက်အခဲတွေရှိလာတဲ့အခါ၊ ကျဆုံးတဲ့အချိန်တွေနဲ့ ကြုံလာရတဲ့အခါ သတ္တိရှိပြီး ရင်ဆိုင်နိုင်ဖို့ကလည်း မချစ်မနှစ်သက်သူနဲ့အတူဆိုရင် မဖြစ်နိုင်တဲ့အနေအထားတွေပါ။ ဒီတော့ ရင်ဆိုင်ရဲတဲ့သတ္တိတွေဖန်တီးပေးနိုင်မယ့် ချစ်တဲ့သူကိုသာ လက်ထပ်သင့်ပါတယ်။
နားလည်ပေးနိုင်မှု
ကိုယ့်ရဲ့ ဖြစ်တည်မှု သူရဲ့ ဖြစ်တည်မှု အရင်းခံတွေကို နားလည်လက်ခံပြီး အကောင်းအဆိုးတွေကို မျှဝေခံစားနိုင်ဖို့ကလည်း တစ်သက်လုံး အတူတူရှိသွားဖို့အတွက် အရေးကြီးပါတယ်နော်။ ဘဝနှစ်ခုကို တစ်ခုတည်းပေါင်းစည်းဖို့က နားလည်မှုက အဓိကကျအရေးပါတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ကချစ်တဲ့သူနဲ့သာ နားလည်မှု တည်ဆောက်ဖို့ လွယ်ကူပြီး နှစ်ဦးနှစ်ဖက်နားလည်လက်ခံနိုင်မှာဖြစ်တာမို့ ချစ်တဲ့သူနဲ့သာ ဘဝကိုရှေ့ဆက်ဖို့သင့်တော်ပါတယ်။

သာယာတဲ့အိမ်ထောင်ရေး
အိမ်ထောင်ပြုတယ်ဆိုတာက လူနှစ်ယောက်ပေါင်းဖက်တာထက်ကိုပိုပါတယ်။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း စတာတွေပါ ပါဝင်တာမို့ ပြန်ပြီးပြင်ဆင်ဖို့လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ သာယာပြီးအပူအပင်ကင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ကလဲ ချစ်ရတဲ့သူနဲ့ မဟုတ်ရင်လည်း ရေရှည်အတွက် မလွယ်ကူပါဘူး။ မချစ်တဲ့သူနဲ့ အတူနေရတာကလဲ ဒုက္ခတစ်ခုပဲမို့ လက်ထပ်ပြီးကာမှအဆင်မပြေလို့ပြန်ပြီးကွာရှင်းပြတ်စဲရတဲ့အခြေအနေတွေမဖြစ်ဖို့ကလည်း လိုအပ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေ မဖြစ်ဖို့ ဆိုရင် ကိုယ်ချစ်ရတဲ့သူနဲ့အတူတူရှိနေမှသာ အဆင်ပြေနိုင်မှာပါ။
အားလုံးပဲ သာယာတဲ့ အိမ်ထောင်ရေးနဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေနော်။
Kham