မိဘတွေကို သိတတ်ကြတဲ့ သားသမီးတွေတိုင်းက အရွယ်ရောက်လာတဲ့အခါမှာ တလှည့်ပြန်ပြီး ပျော်ရွှင်အောင် ပြုလုပ်ပေးချင်ကြပါတယ်။ များသောအားဖြင့် တစ်အိမ်လုံးကို စနစ်တကျ လည်ပတ်အောင် အဆင်ပြေပြေ လည်ပတ်အောင် ကိုယ်ရော၊ စိတ်ရော နှစ်ပြီး အိမ်အလုပ်တွေအပြင် သားသမီးတွေရဲ့ အနာဂတ်နဲ့ အပြုအမူတွေကိုပါ အနီးကပ် ပြုစုပျိုးထောင်ပေးတတ်တဲ့ မေတ္တာရှင်မေမေတွေအတွက် သားသမီးက ဘယ်လို ပျော်အောင် လုပ်ပေးလို့ ရမလဲလို့ ခေါင်းခြောက်ရလေ့ ရှိပါတယ်။ ဒီလိုဆိုရင် ဒီလိုနည်းတွေက သင့်မေမေကို လုံးဝ ပျော်ရွှင်သွားစေမှာပါနော်။
(၁) သိတတ်ခြင်း
မိဘအများစုက သားသမီးတွေကို ဂရုစိုက်နိုင်ကြပေမယ့် သားသမီးအများစုကတော့ မိဘတွေအပေါ် ပြန်ပြီး သိတတ်ဖို့ဆိုတာ ရာနှုန်းနည်းလွန်းပါတယ်။ ဒီလိုမျိုး အပေးသက်သက် သားသမီးတွေကို ပျိုးထောင်တဲ့ မိဘတွေက ကိုယ့်ရဲ့ သားသမီးတွေက မိဘကို ဂရုစိုက်တယ် သိတတ်တယ်ဆိုရင် အရမ်းကို ဂုဏ်ယူပြီး ဝမ်းမြောက်နေတတ်ပါတယ်။

(၂) ကိုယ့်ခြေထောက်ပေါ် ရပ်တည်ခြင်း
မိဘဆိုတာ သားသမီးတွေကို ပူပင်စရာ မလိုတော့တာကို လိုချင်ကြပါတယ်။ ကိုယ် မရှိတော့တဲ့အခါ သားသမီးတွေကို မပံ့ပိုးနိုင်တော့မှာကို စိုးရိမ်တာကြောင့် သားသမီးတွေက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာကို မြင်ရတဲ့အခါ ဝမ်းသာတတ်ကြပါတယ်။ စိတ်ပူရတဲ့ စိတ်လေးတွေ လျော့ကျစေတာကလည်း သူတို့အတွက် ပျော်ရွှင်စရာ တစ်ခုပါပဲ။

(၃) မိဘတွေကို မမေ့လျော့ခြင်း
အရွယ်ရောက်လာနဲ့ အမျှ မိဘတွေနဲ့ ဝေးသွားတာကို မိဘတော်တော်များများ ခံစားနေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနေ ထွက်သွားတဲ့ သားသမီးတွေကို အထီးကျန်စွာ လွမ်းနေရတာက သူတို့အတွက် တကယ့်ကို ဝမ်းနည်းစရာ ပါပဲ။ ဒါပေမယ့် မိဘတွေကို အမြဲ အဆက်အသွယ်လုပ်သလို ထိတွေ့မှု ဂရုစိုက်မှုတွေ အမြဲလုပ်တဲ့ သားသမီးဆိုရင်တော့ မိဘတွေက အတိုင်းမသိ ပျော်ရွှင်တတ်ကြပါတယ်။

(၄) မိဘလိုအပ်တာတွေကို ဖြည့်ဆည်းပေးခြင်း
သားသမီးတွေ ငယ်ရွယ်စဉ်မှာ မိဘတွေက လိုချင်တာတွေ ဝယ်ပေးတာကို ပျော်ရွှင်တတ်ကြပေမယ့် မိဘတွေကတော့ သားသမီးတွေကို ပူဆာတာမျိုး မရှိသလောက်နည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေလည်း အသက်ကြီးလာတဲ့အလျောက် လိုအပ်ချက်တွေ ရှိပါသေးတယ်။ ဒီအတွက် သားသမီးက အလိုက်တသိ ဖြည့်ဆည်းပေးတာကို ခံရတဲ့ မိဘလောက် ပျော်ရွှင်ရတဲ့သူဆိုတာ မရှိတော့ပါဘူး။

(၅) ပျော်ရွှင်အောင် နေခြင်း
မိဘဆိုတာ သားသမီး မျက်နှာတစ်ချက်ညိုးရင် သူတို့ ရင်ထဲမှာ ဘာတွေများ ဖြစ်နေမလဲ တွေးပြီး ပူလောင်နေတတ်ကြတာပါ။ ဒါကြောင့် မိဘတွေကို ပျော်ရွှင်စေတဲ့ အရိုးရှင်းဆုံး နည်းတစ်ခုကတော့ ကိုယ်တိုင် ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေတာကို မိဘကို မြင်စေတာပဲ ဖြစ်ပါတယ်။
Kham