အရာရာတိုင်းက တန်ဆေး လွန်ဘေး ပါပဲ။ ဖုန်းတွေ ပေါ်လာတာက အချက်အလက် ရှာဖွေရေးနဲ့ ဆက်သွယ်ရေးမှာ ပိုမို မြန်ဆန်စေလာပါတယ်။ ဒါ့အပြင် တခြား အသုံးဝင်တာတွေ အများကြီးပါပဲ။ ဒါပေမယ့်လည်း ဖုန်းကို တစ်နေ့မှာ နာရီ အမြောက်အများ သုံးစွဲမိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဖုန်းသုံးစွဲချိန်များတာကြောင့် ခန္ဓာကိုယ်အပေါ် အခုလို ဆိုးကျိုးတွေ သက်ရောက်လာမှာ ဖြစ်ပါတယ်။
(၁) မနက်နဲ့ ညမှာ ဖုန်းကို အရင် သတိအရဆုံး ဖြစ်တယ်
အမြဲတမ်း ဖုန်းသုံးဖို့ စိတ်ရောက်နေမိတာကလည်း စွဲလမ်းမှု တစ်မျိုး ဖြစ်ပါတယ်။ တခြားသော အကြောင်းအရာတွေနဲ့ ကိုယ့်အချိန်တွေကို မကုန်ဆုံးဘဲ ဖုန်းသုံးပြီး နေချင်တာမျိုးက ဖုန်းသုံးစွဲမှု လွန်ကဲစေတဲ့ အချက်ပါပဲ။ ညအိပ်ချိန်မှာ ဖုန်းနဲ့အတူ ရှိပြီး မနက်နိုးတဲ့အခါမှာလည်း ဖုန်းကို အရင်သုံးမိတာမျိုးက သင့်ကို ဖုန်းသုံးတာများနေပြီဆိုတာကို သတိပေးနေတဲ့ အချက် တစ်ချက်ပါပဲ။ ဒါက သင့်ရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်လာစေနိုင်ပါတယ်။

(၂) သူများတွေနဲ့ နှိုင်းယှဉ်မိလာတယ်
လူမှုကွန်ယက်တွေ သုံးစွဲတာ များလေလေ၊ သင့်ရဲ့ လူမှုကွန်ယက်ပေါ်က သူငယ်ချင်းတွေ ဖြတ်သန်းနေထိုင်ပုံကို တွေ့ရလေလေပါပဲ။ ခရီးထွက်တဲ့အခါ၊ ပိုက်ဆံ သုံးတဲ့အခါ၊ စားတဲ့အခါတွေမှာ ပုံတွေ တင်နေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း ငါလည်း သွားမယ်၊ ငါလည်း အဲ့လို ရိုက်မယ် စသဖြင့် နှိုင်းယှဉ်မှုတွေ ရှိလာတာမျိုးက ကိုယ့်ဘဝကို မတင်းတိမ်နိုင်စိတ်တွေ ဖြစ်လာစေသလို မနာလိုစိတ်တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်လာတာတွေက ဖုန်းသုံးစွဲမှု လွန်ကဲတာကြောင့်ပဲ ဖြစ်ပါတယ်။

(၃) ဖုန်းမရှိဘဲနေတဲ့ အချိန်ကိုတောင် စဉ်းစားမရဘူး
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ၊ တခြားသော အကျိုးရှိတဲ့အရာတွေ လုပ်နေရင် ဖုန်းအသုံးပြုချိန် နည်းနေတယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့်လည်း ဖုန်းရဲ့ Newfeed မှာပဲ အပေါ်ဆွဲလိုက် အောက်ဆွဲလိုက်နဲ့ အချိန်တွေကို ဖြုန်းနေတယ်ဆိုရင်တော့ သင်က ကိုယ့်အတွက် အချိန်မပေးတဲ့သူ ဖြစ်နေတာပါ။ ဖုန်းသုံးမယ့်အစား လေ့ကျင့်ခန်း လုပ်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ အိမ်အလှဆင်တာမျိုးက သင့်ကို ကိုယ်လက် လှုပ်ရှားလည်း ဖြစ်စေသလို သဘာဝလည်း ပိုဆန်စေပါတယ်။

(၄) အထီးကျန်ဆန်လာမယ်
ဖုန်းကို အသုံးပြုပြီး ပျော်ရွှင်နေတယ် ထင်ရပေမယ့်လည်း တကယ်တမ်း လက်တွေ့ဘဝမှာ ဆုံတဲ့အခါ ဖုန်းတွေ သုံးရင်း စကား တစ်ခွန်းစ နှစ်ခွန်းစပဲ ပြောမိတယ်ဆိုရင် သင်တို့က ဖုန်းသုံးတာ လွန်ကဲတဲ့သူတွေ ဖြစ်ပါတယ်။ လက်တွေ့ဘဝကို အာရုံစိုက်လို့ မရလောက်အောင် ဖုန်းထဲမှာပဲ စကားပြော၊ ဖုန်းထဲကတဆင့်ဘဲ ရယ်မောရင်း အပြင်ဘဝမှာ အချိန်တွေ နည်းရင်း အထီးကျန်မှုတွေကို ခံစားလာရရင်တော့ ဖုန်းအသုံးပြုချိန်ကို လျှော့ပြီး လက်တွေ့ဘဝထဲမှာ ပိုပြီး အချိန်တွေကို ကုန်ဆုံးသင့်ပါပြီနော်။

(၅) ပင်ပန်းလာမယ်
ဘာမှ လုပ်စရာ မရှိဘူးလို့ ခံစားလာရပြီး လုပ်ချင်ကိုင်ချင်စိတ် ပျောက်နေတာကိုလည်း ကြုံရမှာ ဖြစ်ပါတယ်။ ဒီလို အချိန်တိုင်း ဖုန်းပဲ ထိုင်သုံးပြီး စိတ်တွေ နွမ်းလာသလို ပင်ပန်းလာသလို ခံစားရမှာပါ။ ဖုန်းမသုံးရတဲ့ အခါတွေမှာတောင် ဖုန်းသုံးချင်စိတ် ဖြစ်လာပြီး ပင်ပန်းတယ်လို့ ခံစားလာရမှာ ဖြစ်ပါတယ်။ ဒါက ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။
Kham